အားလုံးပဲ မင်္ဂလာပါ။ ရှူးရှူးရှဲရှဲနဲ့ စပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ပဲပြားလုံးကြော် အစပ်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၃ တုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ကြွက်နားရွက်မှို ၁ ခု (ရေထဲတွင် တစ်နာရီခန့် ကြိုစိမ်ထားပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

အစပ်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီးမှည့် ၂ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် ရောနှောထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူ ခံထားပါ။

၂။ ပဲပြားကို ရေစင်အောင် ညှစ်ပြီးနောက် ချေမွလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မှိုတို့ကို နုပ်နုပ်စဉ်းထားပါ။ ထို့နောက် ပဲပြား ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ အခြားပန်းကန်လုံးအသေးတစ်လုံးတွင် ပျားရည်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ကို သမအောင် ရောမွှေထားပါ။

၄။ ထို့နောက် ပဲပြား ကြက်သွန်အရောကို အလုံးလေးဖြစ်သွားအောင် လုံးပေးလိုက်ပါ။ ထို့နောက် အသင့်ပြင်ထားသော လင်ဗန်းထဲထည့်ပြီးနောက် Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် အပူပေးလိုက်ပါ။ (၁၀ မိနစ်ခန့်ပြည့်ပါက ပဲပြားလုံးကို အခြားတစ်ဖက်သို့လှန်ပေးဖို့လိုပါတယ်)

၅။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ်စပ်စပ်လေး ပြင်ဆင်ရပါမယ်။

ခရမ်းချဉ်သီးရဲ့ အလယ်အူတိုင်ကို ဖယ်ရှားညပီးနောက် ဖျော်စက်ထဲထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ခရမ်းချဉ်သီးအနှစ်များရလာအောင် ဖျော်ပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီးထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် မီးအပူချိန်ကို လျော့ချလိုက်ပြီး ခရမ်းချဉ်သီးအနှစ်များ လောင်းထည့်ကာ ၅ မိနစ်ခန့် တည်လိုက်ပါ။

၆။ ခရမ်းချဉ်သီးအရည်က နီနီရဲရဲလေးဖြစ်သွားပြီဆိုရင်တော့ ပဲငံပြာရည်၊ ပျားရည်တို့ထည့်ကာ ၂ မိနစ်ခန့် တည်ပါ။ ထို့နောက် ပြောင်းမှုန့်အရည်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ပဲပြားလုံးလေးများထည့်ကာ ၅ မိနစ်ခန့် တည်ထားပေးရပါမယ်။

၇။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြားလုံးကြော် စပ်စပ်လေး ရရှိသွားပါပြီ။ စာဖတ်သူတို့အနေနဲ့ ပဲပြားအစား တို့ဖူးလုံးကြော်အဖြစ်လည်း လုပ်စားနိုင်ပါသေးတယ်။

Source: Fullofplants.com