အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်သွန်မြိတ်နံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ နှစ်ပြန်ကြော် ဝက်သုံးထပ်သား ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၃၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၃ ပင် (၁ ပင်ကို ဝက်သားထဲ ထည့်ပြုတ်ရမှာဖြစ်ပြီး ကျန် ၂ ပင်ကိုတော့ ၁ လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်ကောင်းစေ့ ၅ စေ့
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် အရှည် ၂ တောင့် (အစေ့များကို ဖယ်ရှားလိုက်ပြီး ပါးပါးလှီးထားပါ)

  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • လက်မဝက် ပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပိစပ်အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သုံးထပ်သားကို ဒန်အိုးတစ်လုံးထဲ ထည့်ထားပြီးနောက် ဝက်သားများ မြှုပ်သွားသည်အထိ ရေ ထည့်လိုက်ပါ။ ကြက်သွန်မြိတ် ၁ ပင်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ မိနစ် ၃၀ ခန့် ပြုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက အိုးထဲက ဆယ်ယူပြီး အအေးခံထားလိုက်ပါ။

၂။ ဝက်သုံးထပ်သားများ အေးသွားပါက ပါးပါးလှီးထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သုံးထပ်သားများထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဝက်သားကြော်ကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။ ဆီကို ဒယ်အိုးထဲတွင် ချန်ထားခဲ့ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပေးလိုက်ပါ။ ငရုတ်သီးအနှစ်နှင့် ပဲပိစပ်အနှစ်တို့ထည့်ပြီး စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ဝက်သားကြော်များ ထည့်ကာ သမအောင် မွှေကြော်ပေးရပါမယ်။

၅။ ပြီးရင်တော့ ပါးပါးလှီးထားသော ငရုတ်သီးများထည့်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။ နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်နှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

ဒါဆိုရင်တော့ နှစ်ပြန်ကြော် ဝက်သုံးထပ်သားဟင်းလျာ တစ်ခွက် ရရှိသွားပါပြီ။

Source: Chinasichuanfood.com