အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာကတော့ ပုစွန်မွှေကြော် ကြော်နည်းပဲဖြစ်ပါတယ်။ ပေါင်မုန့်အကြေအစများနဲ့ အရသာရှိအောင် ဘယ်လိုကြော်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄၅၀ ဂရမ်
  • ငရုတ်ကောင်းမှုန့်၊ ဆားနှင့် သကြားအနည်းငယ်
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျင်း ၄ ပြား
  • ကြက်သွန်ဖြူ ၇ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)
  • ပေါင်မုန့်အကြေအစများ ၇၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ (သို့) မြေပဲဆီ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။ အခွံခွာချင်ပါကလည်း ခွာထားနိုင်ပါတယ်။ ထိုပုစွန်ကို ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် နယ်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် သိပ်ထားရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ၂၅၀ မီလီလီတာထည့်ပါ။ ဆီပူလာပါက ပုစွန်ထည့်ကာ ၁၅ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ဆယ်ယူထားရပါမယ်။ ပြီးရင်တော့ နောက်တစ်ကြိမ် ထပ်ကြော်ပေးရပါဦးမယ်။ ဒီတစ်ခါကြော်မယ်ဆိုရင်တော့ ၅ စက္ကန့်မှ ၁၀ စက္ကန့်ခန့် ကြော်ပေးရပါမယ်။ (သင့်ရဲ့ဒယ်အိုးက သေးပါက ပုစွန်များကို တစ်ပြိုင်နက်တည်းမကြော်ဘဲ ခွဲကြော်ပေးလိုက်ပါ။)

၃။ ထို့နောက် ဒယ်အိုးထဲတွင် ဆီ ၃ ပုံ ၁ ပုံခန့်ကိုသာ ချန်ထားခဲ့ပြီး ကျန်ဆီများကို ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၄။ မီးအပူချိန်ကို လျော့ချပြီးနောက် ဂျင်းထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ပုစွန်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ မီးဖိုပေါ်ကချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်မွှေကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com