အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မှိုကြိုက်တဲ့သူတွေအတွက် လွယ်ကူတဲ့ ချက်နည်းလေးပြောပြပေးချင်ပါတယ်။ အချိန်တိုအတွင်းမှာ အရသာရှိတဲ့ အရံဟင်းလေးတစ်ခွက်ရနိုင်လို့ သေချာကြည့်လိုက်ပါအုံးနော်။
ပါဝင်ပစ္စည်းများ
မှို – ၂၀၀ g (မိမိနှစ်သက်ရာမှို)
ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။
ဆား၊ အရသာမှုန်. ၊ငံပြာရည် အနည်းငယ်စီ
ကြက်သွန်ဖြူဆီချက်- ထမင်းစာဇွန်း ၁ ဇွန်း
ပုဇွန်ခြောက်ထောင်း – ထမင်းစာဇွန်း ၁ ဇွန်း
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း
နှမ်းလှော် – ထမင်းစာဇွန်း ၁ ဇွန်း
ငရုပ်သီးစိမ်း – ၂တောင့် – ပါးပါးလှီးထားပါ။
နှံနှံပင် – ၂ပင်ကို ခပ်ရိတ်ရိတ်လှီးထားပါ။
သံပုရာသီးတခြမ်း။
ပြင်ဆင်ပြုလုပ်နည်း
မှိုကိုရေစင်စင်ဆေးပြီး အရင့်များကိုဖြတ်ထုတ်ကာ ရေနွေးဆူဆူတွင် ဆားအနဲငယ်ထည့်ကာ ၁၀ မိနစ်ခန့်ပြုတ်ပါ။ မှိုအမျိုးအစားပေါ်မူတည်ပြီး ပြုတ်ရန်ကြာချိန် မတူနိုင်ပါ။ အရမ်းနူးပြဲအောင်ပြုတ်ဖို့မလိုပါ။
ပြုတ်ပြီးသားမှိုကို ရေအေးစိမ်ပြီး အနေတော် ဖြတ်တောက်ကာရေစစ်ထားပါ။
စားခါနီးမှ ပြုတ်ထားတဲ့မှိုနှင့် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ဆား၊ အရသာမှုန့်၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ငရုပ်သီးစိမ်း၊ နှံနှံပင် တို့ကိုထည့်ပြီး သံပုရာသီးညှစ်ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။
Credit: Myanmar Foods & Other