ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးလေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ ချက်ပြုတ်ပြင်ဆင်ထားတဲ့ ဟင်းရွက်စုံထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ တစ်ခြမ်း (အန်စာတုံးငယ်ပုံသဏ္ဍာန် တုံးထားပါ)
  • မုန်လာဥနီ တစ်လုံး (ကြက်သွန်နီနှင့် အရွယ်အစားတူအောင် လှီးဖြတ်ထားပါ)
  • ငရုတ်ပွအစိမ်း (ကြက်သွန်နီနှင့် အရွယ်အစားတူ လှီးဖြတ်ထားပါ)
  • ပဲလုံးစိမ်း အနည်းငယ်
  • မှိုအနည်းငယ် (ပါးပါးလှီးထားပါ)

  • ပဲပင်ပေါက် လက်တစ်ဆုပ်စာခန့်
  • ထမင်း ပန်းကန်လုံးသုံးလုံးစာ (သုံးယောက်စာ)
  • ကြက်ဥ ၂ လုံး
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထမင်းလုံးစေ့များ ပူးကပ်မနေဖို့ရန်အတွက် ထမင်းကို ချေထားလိုက်ပါ။

၂။ ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်ဥကို မွှေကြော်လိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲတွင် သပ်သပ်ဖယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပြင်းပြင်းပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ မုန်လာဥနီတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် မှို၊ ငရုတ်ပွနှင့် ပဲလုံးစိမ်းတို့ထည့်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ဟင်းရွက်များအားလုံးသမသွားတဲ့အခါမှာတော့ ထမင်းထည့်ကာ ရောကြော်ပေးလိုက်ပါ။ ပြီးမှ ပဲပင်ပေါက်များထည့်ကာ ထပ်မံမွှေကြော်ပေးရပါမယ်။

၅။ ထို့နောက် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ နောက်ထပ်တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာ ကြက်ဥကြော်များကို ထမင်းနဲ့အတူတူ ရောပေါင်းကာ နောက်ဆုံးအကြိမ်အနေနဲ့ သမအောင်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့အရသာရှိတဲ့ ဟင်းရွက်စုံထမင်းကြော်လေး ရရှိသွားပါပြီ။ မိသားစုဝင်များတဲ့သူတွေအတွက်ကတော့ ပါဝင်ပစ္စည်းများကို ပမာဏအနည်းငယ်စီတိုးကာ ချက်ပြုတ်ကြော်လှော်နိုင်ပါတယ်။

Source: Thewoksoflife.com