ခေါက်ဆွဲပြုတ်ဆိုရင်တော့ မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်။ ခေါက်ဆွဲပြုတ်စားတဲ့အခါ ဒီတိုင်းပြုတ်စားတာထက် အသီးအရွက်လေးတွေ ထည့်စားတာက ပိုစားလို့ကောင်းပါတယ်။ ဒီတစ်ခါမှာကျတော့ ပုံမှန်ထည့်စားနေကျ အသီးအရွက်တွေမဟုတ်ပဲ နည်းနည်းကွဲထွက်ပြီး စားချင်စဖွယ်လေးနဲ့ အရသာပိုရှိစေမယ့် Veggi Maggi ခေါက်ဆွဲပြုတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အာလူးတစ်လုံးကို သေးသေးလေးတွေလှီးပါ။ မုန်လာဥနီအလုံးသေးတစ်လုံးကိုလည်း သေးသေးလေးတွေလှီးပါ။ ပြီးရင်တော့ နှစ်ခုလုံးကို ရေဆေးပေးပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပြီး ဆီသက်ပါ။ ပြီးရင် လှီးထားတဲ့ အာလူးနဲ့ မုန်လာဥနီကိုထည့်ပြီး ဆားနည်းနည်းထည့်ကာ ၅ မိနစ်လောက် ကြော်ပေးပါ။

အချိန်ပြည့်ရင် ရေ – ခွက် ၂ ခွက်စာထည့်ပြီး ပဲစိမ်လေးတွေ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်၊ ပြုတ်ထားတဲ့ပြောင်းဖူးတွေကို ခြွေပြီး စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက်ထည့်၊ အစပ်ကြိုက်ရင် ငရုပ်သီးစိမ် ၂ တောင့်လောက်ကို ထောင်းပြီးထည့်ပါ။ ပြီးရင်တော့ ဆူပွက်လာတဲ့အထိ တည်ထားပေးပါ။

ဆူပွက်လာပြီဆိုရင်တော့ ခေါက်ဆွဲခြောက်တစ်ခုထည့်ပြီး ခရမ်းချဉ်သီးဆော့စ် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ ထည့်ပါ။ ပြီးရင် ခေါက်ဆွဲခြောက်ထဲမှာပါတဲ့ အမှှုန့်ထုပ်တွေကို ထည့်ပါ။ ခေါက်ဆွဲနူးတော့မယ်ဆိုရင် သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပါ။

အားလုံးပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ခေါက်ဆွဲပြုတ်တွေက ဒီတိုင်းသူ့အထုပ်အတိုင်းပဲ ပြုတ်သောက်တာထက် ဒီလိုလေးတွေ အရသာပိုရှိအောင်လုပ်တာက ပိုပြီးစားလို့ကောင်းပါတယ်နော်။

Source: www.toasted