အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်အချိုပွဲ ကြိုက်နှစ်သက်သူများအတွက် Oven အသုံးပြုစရာမလိုဘဲ ပေါင်းအိုးလေး ရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ငှက်ပျောသီးပေါင်း ကိတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၆ လုံး
  • သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံမှုန့် ၂.၅ အောင်စ (စားပွဲတင်ဇွန်း ၅ ဇွန်း)
  • ဆန်မှုန့် ၁.၅ အောင်စ (စားပွဲတင်ဇွန်း ၃ ဇွန်း)
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ စားပွဲတင်ဇွန်း ၇ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ။ ထို့နောက် သကြားညိုထည့်ကာ ငှက်ပျောသီးအနှံ့ သကြားများ ပျံ့နှံ့သွားအောင် ခပ်ဖွဖွလေး နယ်လိုက်ပါ။ (ငှက်ပျောသီးများကို မညှစ်လိုက်ပါနဲ့)

ထို့နောက် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ဂျုံမှုန့်၊ ဆန်မှုန့်၊ ဆားနှင့် သစ်ကြမ်းပိုးခေါက်အမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရေ ထည့်ကာ မုန့်နှစ်က သမသွားအောင် ရောမွှေပါ။

၃။ ငှက်ပျောသီး ၁၂ ပြား၊ ၁၅ ပြားခန့်ကို အလှဆင်ဖို့ရန်အတွက် ချန်ထားပြီး ကျန်ရှိနေသော ငှက်ပျောသီးများအားလုံးကို မုန့်နှစ်ထဲထည့်ကာ နယ်လိုကပါ။

၄။ ရရှိလာတဲ့ ငှက်ပျောသီးမုန့်နှစ်ကို ပေါင်မုန့်ဖုတ်မယ့်အိုးထဲလောင်းထည့်လိုက်ပါ။ ဖယ်ထားသော ငှက်ပျောသီးများကို အပေါ်ကနေ မိမိစိတ်ကြိုက်အလှဆင်ပေးလိုက်ပါ။

၅။ ထို့နောက် အသင့်ပြင်ထားသော ပေါင်းအိုးထဲသို့ ငှက်ပျောသီးအိုးလေး ထည့်ထားလိုက်ပါ။ အလယ်အလတ်မီးအပူချိန်ဖြင့် ၂၅ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ကိတ်မုန့်ထဲသို့ သွားကြားထိုးတံလေး ထိုးထည့်ကာ ကိတ်မုန့် ကျက် မကျက် စမ်းကြည့်လိုက်ပါ။ သွားကြားထိုးတံပေါ်မှာ မုန့်နှစ်များ ပေကျံမနေဘူးဆိုရင်တော့ ထိုငှက်ပျောသီးကိတ်ကို ပေါင်းအိုးထဲက ထုတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောသီးပေါင်းကိတ် အချိုပွဲလေး ရရှိသွားပါပြီ။

Source: Delightfulplate.com