အမဲသားကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် အမဲသားကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ အမဲသားကို ဒီတိုင်းကြော်စားရတာ၊ ချက်စားရတာရိုးလာရင် ဒီလိုလေးတွေလည်း ပြောင်းပြီး လုပ်စားကြည့်သင့်ပါတယ်နော်။

အမဲသား – ၂၅၀ ဂရမ်ကို ကုဗတုံးဆိုဒ်လေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။

ပန်းကန်ထဲကို ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်းတစ်ဝက်၊ ငါးငံပြာရည် – စားပွဲတင်ဇွန်းတစ်ဝက်၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။

သမအောင်နယ်ပြီးရင် ကြက်သွန်ဖြူအကြီး တစ်တက်ကို ခြစ်ထည့်ပါ။ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး သမအောင်ထပ်နယ်ပါ။

ချယ်ရီခရမ်းချဉ်သီးရှိရင် ထည့်ပါ။ မရှိရင်တော့ ရိုးရိုးခရမ်းချဉ်သီးသုံးလည်း ရပါတယ်။ ထည့်ဖို့အတွက် အဆင်သင့်လှီးထားပါ။

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီနည်းနည်းထည့်ပါ။ အမဲသားနယ်ထားတဲ့ ပန်းကန်ထဲကိုလည်း ဆီအနည်းငယ်ထည့်ပြီး ထပ်နယ်ပါ။

အားလုံးပြီးပြီဆိုရင်တော့ ဒယ်အိုးထဲကို အမဲသားတွေတစ်တုံးချင်းထည့်ပါ။

အမဲသားနူးလောက်ပြီဆိုမှ ခရမ်းချဉ်သီးကိုထည့်ပါ။ ဇွန်းနဲ့မမွှေပဲ ဒယ်အိုးကို shake လုပ်ပေးပါ။

ရပြီဆိုရင်တော့ ပန်းကန်ပြားထဲကို ဆလပ်ရွက်လေးထည့်ပြီး ကြော်ထားတဲ့ အမဲသားတွေထည့်ပါ။ ဒါဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ ဗီယက်နမ်စတိုင်လ် အမဲသားကြော်ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen