အားလုံးပဲ မင်္ဂလာပါ။ ဝက်နံရိုးဟင်းလျာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်နံရိုးချိုချဉ်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဝက်နံရိုး ၂ ပေါင်ခွဲ (၂ လက်မအရှည်အတုံး တုံးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ခရမ်းချဉ်သီး ၄ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၉ ဇွန်းခွဲ
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဆီ
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးကို ရေအပြည့်ဖြည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပါက ဂျင်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဝက်နံရိုးထည့်ပြီး အဖုံးအုပ်ကာ မိနစ် အနည်းငယ်ခန့် ဆူပွက်လာအောင် တည်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင်တော့ ဝက်နံရိုးများကို ရေအေးဖြင့် ဆေးကြောလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်နံရိုးများထည့်ပြီး အညိုဖျော့ရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

ဒယ်အိုးထဲတွင် ဆီအများကြီး ကျန်ခဲ့ပါက ခပ်ထုတ်ထားလိုက်ပါ။ ဒယ်အိုးထဲ ဆီစွတ်ရုံကျန်ခဲ့တယ်ဆို လုံလောက်ပါပြီ။

၃။ တစ်ဖန် ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးထည့်ကာ ၁ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၄။ ခရမ်းချဉ်သီးအရည်များ ထွက်လာပြီဆိုရင်တော့ ရှာလကာရည်၊ ပျားရည်၊ ငါးငံပြာရည်၊ ခရုဆီနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။

၅။ ထို့နောက် ဝက်နံရိုးများထည့်ပါ။ ငရုတ်ကောင်းမှုန့် ဖြူးထည့်ပါ။ ထို့နောက် ဝက်နံရိုးနှင့် ဆော့စ်တို့ကို သမအောင် မွှေပြီး ဟင်းရည်များ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ ၅ မိနစ် တစ်ကြိမ်စီ မွှေပေးဖို့ လိုပါတယ်။

ဝက်နံရိုးလည်း နူးသွားပြီ ဟင်းရည်ကလည်း ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်နံရိုးချိုချဉ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Delightfulplate.com