ရိုးရှင်းပြီး အရသာရှိတဲ့ ကန်စွန်းရွက် သုပ်လေးပါ။ ဒီနည်းလေးက ဆိုင်တွေမှာ ရောင်းတဲ့ ကန်စွန်းရွက်သုပ်တွေ လိုက်စားကြည့်ရင်း ကိုယ်အကြိုက်ဆုံး အရသာကို ရအောင် စမ်းသုပ်ကြည့်ရာက ကောင်းလွန်းလို့ ခဏခဏ သုပ်စားဖြစ်တဲ့ နည်းလေးပါ။ ဆိုင်တွေမှာလို ဆီအများကြီး မထည့်တဲ့ အပြင် ဆီပါတယ် ဆိုရုံလေး ထည့်ပြီး အချိုမှုန့်တွေလည်း သုံးစရာမလိုလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုပ်လေးပဲ ဖြစ်ပါတယ်ရှင်။ ဝိတ်ချနေတဲ့ သူတွေအတွက် အထူးပဲ သင့်တော်ပါတယ်။

လိုအပ်သောပစ္စည်းများ

  • ကန်စွန်းရွက် – ၁စည်း
  • ကြက်သွန်ဖြူ – ဆီချက်
  • ငရုတ်သီးစိမ်း – ၅တောင့်
  • ပုစွန်ခြောက်မှုန့် – အနည်းငယ်
  • မြေပဲလှော် မညက်တညက် – လက်ဖက်ရည်ဇွန်း ၁ဇွန်း –
  • နှမ်းလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သုံပုရာသီး – ၂ စိတ်
  • ယိုးဒယား ငံပြာရည် လက်ဖက်ရည်ဇွန်း – ၂ဇွန်း –
  • သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်နည်း

  1. ကန်စွန်းရွက်တွေကို အနေတော် လှီးဖြတ်ပြီး ရေ သုံးလေးခါ စင်အောင်ဆေးပါ။ ရေနွေး ဆူအောင် တည်ပြီး ဆားအနည်းငယ် ထည့်ကာ ကန်စွန်းရွက်များကို အစိမ်းရောင် မပျက်စေဘဲ ခဏတာ ရေနွေး ဖျောပါ။
  2. ကန်စွန်းရွက်များ အစိမ်းရောင် တောက်တောက် အဖြစ်ဆုံး အခြေအနေမှာ ဆယ်ယူပြီး အအေးခံပါ။ ရေအေးထဲ ထည့်ထားရင်လည်း ရပါတယ် ။
  3. ကန်စွန်းရွက်များ အေးပြီဆိုလျှင် ပါးပါးလှီးပြီး အပေါ်မှာ ပါတဲ့ တန်ဆာပလာများကို အရသာများနှင့် အတူ ထည့်သုပ်ပါ။
  4. ဆီချက်ကို လက်ဖက်ရည်ဇွန်း ဝက်လောက်ပဲ ဆမ်းပြီး ကြက်သွန်ဖြူကြော်များ ပိုထည့်ပါ။

Credit: Warr Tee