ဆားလို့ ပြောလိုက်တာနဲ့ ဟင်းချက်ရာမှာ မပါမဖြစ် ပါဝင်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုမှန်း သိကြမှာပါ။ အစားအစာ တစ်ခုလို့ ပြောလို့ ရသလို ဆေးဝါးတစ်ခုလည်း ဖြစ်ပါတယ်။ ဆားမှာ ဆားကြမ်း၊ အိုင်အိုဒင်းဆားနဲ့ စားပွဲတင်ဆားဆိုပြီးတော့ ရှိတာ သိကြမှာပါ။
စားပွဲတင်ဆားမှာ နူးညံ့ပြီး မှုန့်နေအောင် ပြုလုပ်ထားပေမယ့် ဆားကြမ်းကလည်း အပွင့် ခပ်ကြီးကြီး အနေနဲ့ တွေ့ရမှာပါ။ အိုင်အိုဒင်းဆားကတော့ အိုင်အိုဒင်းဓာတ် ထပ်ပေါင်းထည့်ထားတဲ့ ဆားတစ်မျိုးပါ။ ဆားဟာ ဆိုဒီယမ်ကလိုရိုက်လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပြီး သက်ရှိတွေ အတွက်ကတော့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် လိုအပ်တဲ့ ပမာဏက အနည်းအကျဉ်းပါ။ လိုအပ်တာထက် ပိုပြီး စားသုံးမိရင်တော့ အန္တာရာယ် ဖြစ်လာစေနိုင်ပါတယ်။
ဆားကို ရှေးပဝေသဏီကတည်းက သုံးစွဲခဲ့ကြပြီး အသားငါးတွေ ကြာရှည်ခံအောင် ပြုလုပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ သုံးလာကြပါတယ်။ ဆားဟာ ဘီစီ ၆၀၀၀ ကျော်လောက်မှာ ပထမဆုံး သုံးစွဲခဲ့တာ ဖြစ်ပြီး တန်ဖိုးကြီးတဲ့ အရာတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တချို့တိုင်းပြည်တွေဆို ဆားကြောင့် စစ်ပွဲတွေတောင် ဖြစ်ခဲ့ကြပါတယ်။ မြန်မာလူမျိုးတွေကတော့ အိမ်အဝန်းမှာ အနှောင့်အယှက် အမှောင့်ပယောဂများ ကင်းဝေစေရန်အတွက် ဆားကို ပက်ဖျန်းလေ့ရှိကြပါတယ်။ ဆားဟာ ဟင်းခတ်အမျိုးအစား တစ်ခုဖြစ်ပြီး ဆားမပါတဲ့ ဟင်းဟာ ပေါ့ပျက်ပျက် ဖြစ်စေပါတယ်။ အချိုဓာတ် ပိုလေးပင်စေဖို့ ဆိုရင်လည်း ဆားကို ထည့်ကြရပါတယ်။ ဟင်းချက်ရာမှာတင်မက ဖျော်ရည်၊ သရေစာမုန့်များနဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ ပြုလုပ်ရာမှာလည်း အဓိက ပါဝင်ပါတယ်။
ဆားမှာ အဓိက ကလိုရိုက်အိုင်းယွန်းနဲ့ ဆိုဒီယမ် အိုင်းယွန်းတို့ ပါဝင်ပြီး သက်ရှိတွေ အတွက်တော့ ပမာဏ နည်းနည်းပဲလိုအပ်ပါတယ်။ တစ်နေ့မှာ လူတစ်ယောက်အတွက် ဘယ်လောက် ဆား ပမာဏ လိုအပ်ပါသလဲ။ လူတစ်ယောက်အနေနဲ့ လိုအပ်တဲ့ ဆားပမာဏဟာ အသက်အရွယ်ကို လိုက်ပြီး ၁၅၀၀-၂၃၀၀ မီလီဂရမ်မျှလောက်သာ လိုအပ်ပါတယ်။ တကယ်တော့ ဆားဟာ လူကိုယ်ခန္ဓာထဲက ရေဓာတ်ကို ထိန်းညှိပေးပြီး အရည်တွေရဲ့ ပါဝင်မှုကို ညီမျှအောင် ထိန်းပေးရပါတယ်။ ဆားဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ရာသီအကူးအပြောင်း ကြောင့် ဖြစ်ပေါ်တဲ့ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ထဲမှာ ဆားဓာတ်နည်းပြီး ချွေးထွက်များသောသူတွေ အနေနဲ့ ဓာတ်ဆားရည်ကို သောက်ပေးခြင်းဖြင့် ရေဓာတ်ကို ပြန်လည် ဖြည့်စည်းပေးပါတယ်။
ဆားဟာ အပူဓာတ်သဘော ရှိပါတယ်။ ဒါကြောင့် မြွေကိုက်ခံရတဲ့ အခါ ဆားကို ဖျော်သောက်ပေးရင် အဆိပ်တွေ လျင်လျင်မြန်မြန် မပျံ့စေပါဘူး။ သွားကို ဆားနဲ့ တိုက်သူတွေအတွက် ခံတွင်းနံ့သင်းစေပြီး သွားခိုင်စေပါတယ်။ အရေပြားယားယံပြီး အဖုအပိမ့်တွေ အတွက် ဆားရည်နဲ့ ဆေးပေးရင် သက်သာစေပါတယ်။ ဆားဟာ နေ့စဉ်သုံး ဟင်းခတ်တစ်မျိုး ဖြစ်ပေမယ့် သူရဲ့ အကျိုးကျေးဇူးတွေကတော့ အများအပြားပါ။ ဒါပေမယ့် ဆားကို လိုအပ်တဲ့ ပမာဏထက် ပိုပြီး စားသုံးမိရင်တော့ သွေးတိုးရောဂါ ဖြစ်စေပြီး သွေးတိုးနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါနဲ့ လေငန်းတို့ပါ ဖြစ်လာစေပါတယ်။ ဆားကို လိုအပ်တာထက် စားသုံးမိပါက ကျောက်ကပ်ကို ပျက်စီးစေပြီး ဝက်ခြံအလွန်အကျွံ ထွက်စေပါတယ်။ အစာလည်းဆေး ဆေးလည်း အစာဖြစ်တာကြောင့် လိုအပ်တဲ့ ဆားပမာဏကိုပဲ သင့်တင့်ရုံပဲ သုံးစွဲကြပါလို့ သတိပေးလိုက်ရပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ။
Credit: healthyeating