ပါဝင်ပစ္စည်းများ
- ကျောက်ပွင့်၊ ပဲကြာဇံ
- ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
- ပုဇွန်ခြောက်မှုန့်၊ မြေပဲဆံ၊ နှမ်းလှော်
- သံပုရာသီး၊ နံနံပင်၊ ငရုပ်သီးစိမ်း၊နီ၊ ဆီ
- ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
ကျောက်ပွင့်သုပ် ဒီတစ်ခါပဲ ကြာဇံ ထည့်ထားပါတယ်။ ကျောက်ပွင့် အမဲလေးတွေ နှစ်ရေ သုံးရေ ခန့်ဆေးပြီး သဲ၊ ခဲနှင့် ခရုသေးသေးလေးတွေ ဖယ်ကာ သန့်စင်ပြီး ရေအေးစိမ်ထားပါ။ ရေနွေး စိမ်လည်း ရပါတယ်။ ဒါပေမယ့် ချွဲသွား တတ်ပါတယ်။
ပဲကြာဇံကို ရေနွေးဖျော ထားပါ။ ခရမ်းချဉ်သီး ပါးပါးလှီး၊ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေး၊ နံနံပင် ပါးပါးလှီး၊ ငရုပ်သီးစိမ်း ပါးပါးလှီး ထားပါ။ ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါ။
မြေပဲဆံ မညက် တညက်ထောင်း၊ ပုဇွန်ခြောက်မှုန့်ထောင်းထားပါ။ ကျောက်ပွင့် ပွလာလျင် ရေညှစ်ထည့်၊ ပဲကြာဇံ ရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ လှီးထားတာ ထည့်၊ မြေပဲဆံ ထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီးစိမ်း၊ ဆီချက်၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်ထဲ့ နံနံပင် ရိတ်ရိတ်လှီး ထားတာထည့်၊ နောက်ဆုံး သံပုရာသီးလေး ညှစ်ပြီး ဖွဖွနယ်ပါ။
အရသာ မြည်းပြီးနောက် အပေါ်ဆုံးက နှမ်းလှော်လေးဖြူးပါ။ ချဉ်ငံစပ်စိမ့်မွှေး ကျောက်ပွင့်သုပ် လေးရပါပြီ။
Credit: Myat Noe Thu