ပုံမှန်စားနေကျ မန်ကျည်းသီးစိမ်းအကြော်အရသာလေးကို တစ်မျိုးပြန်လည်တီထွင်ထားပါတယ်။ ဘုန်းကြီးဆွမ်းကပ်တုန်းက ဘုန်းဘုန်းများအကြိုက်တွေ့ခဲ့သော အရန်ဟင်းပွဲလေးပါ။ အားလုံးလည်း ချက်စားကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
မန်ကျည်းသီးစိမ်း – ၄ဝ ကျပ်သား (ရေဆေး ပြီး မညက်တညက်လေး ကြိတ်ထားပါ)
ပုစွန်ခြောက်မှုန့် – စားပွဲဇွန်း ၅ ဇွန်း
မြေပဲဆန်လှော် – စားပွဲဇွန်း ၈ ဇွန်း (မညက်တညက်ထောင်းထားပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
စိမ်းစားငါးပိ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၂ ဇွန်းခွဲ
ကြက်သွန်ဖြူ – ၅ တက် (ထောင်းထားပါ)
ကြက်သွန်နီ – ၄ လုံး (ထောင်းထားပါ)
ငရုတ်သီးခွဲကြမ်း – စားပွဲဇွန်း ၅ ဇွန်းခွဲ
ပဲပိစပ်ဆီ – တစ်ဝက် ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
ဆား – လိုသလောက်
ပြုလုပ်နည်း
မကပ်သော အကြော်ဒယ်အိုးထဲမှာ ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ။
ကြက်သွန်ဖြူ/နီ ကြက်လာလျှင် ငါးပိစိမ်းစားထည့်ကြော်ပါ။ မွှေးပြီး အနည်းငယ် အရောင်ပြောင်းလာလျှင် ငံပြာရည်ထည့်ပါ။
ငံပြာရည်ကျက်လျှင် ငရုတ်သီးခွဲကြမ်း၊ ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါ။ ဆီခြောက်လျှင် အနည်းငယ်ထပ်ထည့်ပါ။
မန်ကျည်းသီးများထည့်ပြီး ကြော်ပါ။
နွမ်းလာလျှင် ကျန်ပါဝင်ပစ္စည်းများထည့်ပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
တို့စရာစုံလင်စွာနဲ့ တွဲဖက်စားမယ်ဆိုလျှင် ထမင်းမြိန်သွားမှာ အသေအချာပါ။
မှတ်ချက် – အငန် မစားနိုင်သူများ အတွက် ငါးပိ၊ ငံပြာရည်ကို ကိုယ့်စိတ်တိုင်းကျ အတိုးအလျော့ လုပ်ပြီး ကြော်ပြီး ကိုယ်ပိုင် အရသာ အသစ် တီထွင်နိုင်ပါတယ်။