ကြက်သားကို ထူးထူးဆန်းဆန်းလေး ချက်စားချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ကြက်သားစတူးချက်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း မခက်ခဲတာကြောင့် လူတိုင်းအလွယ်တကူ ချက်နိုင်ပါတယ်။

ပထမဆုံး အိုးထဲကို ဆီထည့်ပြီး ကြက်ပေါင် – ၄ တုံး ထည့်ကြော်ပါမယ်။ အရောင်နည်းနည်းပြောင်းတာနဲ့ တစ်ဖက်လှန်ပေးပါ။

ကြက်သွန်နီအလုံးကြီး – ၂ လုံးကို ၄ စိတ်ဖြစ်အောင်လှီးပြီး ထည့်ပါမယ်။ အာလူး – ၄ လုံးကို တစ်ခြမ်းပဲခြမ်းပြီး ထည့်ပါမယ်။ မုန်လာဥနီ အလုံးကြီး – ၁ လုံးကိုလည်း အတုံးကြီးကြီးလေးတွေလှီးပြီး ထည့်ပါမယ်။

ရေများများထည့်ပြီး ဆား – အနည်းငယ်၊ ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး ပွက်ပွက်ဆူတဲ့အထိ တည်ထားပါ။

ပွက်ပွက်ဆူလာရင် မီးလျှော့ပြီး အနိမ့်ဆုံးအပူချိန်နဲ့ မိနစ် ၃၀ ထပ်တည်ထားပေးပါ။ အချိန်ပြည့်ရင် အရသာမြည်းပြီး ပေါ့ရင် ဆားနည်းနည်းထည့်ပါ။ ပြောင်ဂျုံကိုရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင်ဖျော်ပြီး စားပွဲတင်ဇွန်း – ၃ ဇွန်းစာလောက် ထည့်ပေးပါ။ ပြီးတာနဲ့ မွှေပြီး ၁၀ မိနစ်ထပ်တည်ထားပါ။ အဖုံးမအုပ်ပဲတည်ပေးပါ။

အချိန်ပြည့်ရင် နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားစတူးကို ရရှိသွားပြီပဲဖြစ်ပါတယ်။