ဂျပန်တို့ဟူး (သို့) ပဲပြားကိုသုံးပြီး အရသာရှိတဲ့ ဂျပန်စတိုင်လ် Teriyaki Tofu ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဂျပန်တို့ဟူးနဲ့ ပဲပြားကြိုက်တဲ့သူတွေဆိုရင် လုပ်စားကြည့်သင့်တဲ့ ဟင်းလျာတစ်ခုပါ။ ဂျပန်တို့ဟူးမရှိရင် ပဲပြားကို အစားထိုးလုပ်လို့ရပါတယ်။

ဂျပန်တို့ဟူး (သို့) ပဲပြား – ၄၈၀ ဂရမ်ကို ဆီအိုးထဲထည့်ကြော်ပါမယ်။

အရောင်ပြောင်းသွားပြီဆိုရင် light soy sauce- ၈၀ မီလီလီတာ၊ ထောင်းထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ထောင်းထားတဲ့ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ရေ – ခွက်တစ်ခွက်စာ၊ သကြားညို – စားပွဲတင်ဇွန်း ၃ ဇွန်းစာတို့ကို ထည့်ပြီးမွှေပေးပါ။ ပြီးရင် ၁၅ မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပေးပါ။

အချိန်ပြည့်ရင် အဖုံးဖွင့်ပြီး ကိုယ်စားချင်တဲ့အရွက်တစ်ခုခု ဥပမာ – မုန်ညှင်း စတာတွေကို ထည့်နိုင်ပါတယ်။ ထည့်ပြီးရင် အဖုံးပြန်အုပ်ပြီး ၁ မိနစ်တည်ထားပါ။

အချိန်ပြည့်ရင် အဖုံးဖွင့်ပြီး အရွက်တွေကို တစ်ဖက်ကိုပို့ထားပါ။ ပြီးရင် ပြောင်းဂျုံကို ရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင်ဖျော်ပြီး စားပွဲတင်ဇွန်း ၅ ဇွန်းစာလောက်ထည့်ကာ မွှေပေးပါ။

မွှေနေရင်းနဲ့ပျစ်လာပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် Teriyaki Tofu ကို ရရှိသွားပြီပဲဖြစ်ပါတယ်။