ကြက်သားကို တစ်မျိုးထဲချက်စားရတာရိုးလာလို့ အရသာအသစ်ဖြစ်တာလေး စားချင်တဲ့သူတွေအတွက် ကြက်သားနဲ့ ပန်းဂေါ်ဖီစိမ်းကို ရောပြီး စားချင်စဖွယ်ဖြစ်အောင်ကြော်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

သန့်စင်ပြီးသား ကြက်ပေါင်သား – ၂၈၀ ဂရမ်ကို အတုံးသေးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။

ကြက်သားပန်းကန်ထဲကို ကြာညို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ – စားပွဲတင်ဇွန်းတစ်ဝက်၊ ဟင်းချက်ဝိုင် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့်အဖြူ – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပေးပါ။

နယ်ပြီးရင် ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ထည့်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး လှီးထားတဲ့ ဂျင်းအချပ်လေး – ၅ ဖတ်နဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ – ၄ တက်စာကို ထည့်ပြီး ဆီသပ်ပါမယ်။

ရေတစ်ခွက်ထည့်ပြီး အတုံးလေးတွေဖြစ်အောင် တုံးထားတဲ့ မုန်လာဥနီ – ၁၈၀ ဂရမ်ကို ထည့်ပြီး အဖုံးအုပ်ကာ ၅ မိနစ် တည်ထားပါ။

အချိန်ပြည့်ရင် ခုနက ရေခဲသေတ္တာထဲထည့်ထားတဲ့ ကြက်သားတွေကို ထည့်ပါမယ်။ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက် ထပ်ထည့်ပြီး ပွက်ပွက်ဆူလာရင် ခရုဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြာညို့ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီးမွှေပေးပါ။

ကြက်သားနူးပြီဆိုရင် ပန်းဂေါ်ဖီစိမ်း – ၃၇၀ ဂရမ်ကိုထည့်ပြီး ၄၅ စက္ကန့်လောက် အဖုံးအုပ်ထားလိုက်ပါ။ ပန်းဂေါ်ဖီစိမ်းကို သေးသေးလေးတွေမလှီးပဲ ကြီးအောင်လှီးဖို့လိုပါမယ်။ မွှေပေးပြီး ပန်းဂေါ်ဖီစိမ်းနူးခါနီးရင် ဟင်းချက်ဝိုင် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သေချာမွှေပေးပါ။

အားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး ထမင်းဖြူလေးနဲ့သာ တွဲစားကြည့်ပါ။ ထမင်းစားမြိန်မှာ သေချာပါတယ်။