အစားအ​သောက်​ခုံမင်​ကြတဲ့ Foodie ​လေး​တွေအတွက်​ တစ်​​နေရာတည်းမှာ မုန့်​ပဲသ​ရေစာ​တွေအစုံ၊ အမျိုးအစားစုံတဲ့မြန်မာဟင်းလျာ၊ အသင့်စားထမင်းဘူးအပြင် ခုဝယ်ခုစားနိုင်တဲ့ အသင့်စားအစားအသောက်အစုံစသဖြင့် အသင့်စားနိုင်​တဲ့ ​နေရာ​လေးတစ်​​နေရာရှိတယ်​လို့ ​ပြောရင်​ စိတ်​ဝင်​စားသွားကြပြီမလား။

ကိုယ်​​တွေသူငယ်​ချင်းနှစ်​​ယောက်​ ပုဇွန်​​တောင်​ Ocean မှာ ဈေးဝယ်ထွက်ကြရင်း ခဏကြာ​တော့ ထုံးစံအတိုင်း ဗိုက်​ကအချက်​ပြလာပြီပေါ့။ ဒီမှာက စားသောက်ဆိုင်ကောင်းကောင်းရှိပ့ါမလား။ ဆာလွန်းပြီမို့ ချက်ချင်းမရဘဲ တော်တော်ကြာလည်းမစောင့်ချင်ပြန်ဘူး။ သရေစာလေးပဲ ၀ယ်စားဖို့ အောက်ထပ်က ဈေးတန်းထဲအ၀င် စတွေ့တာကတော့ အရောင်စုံလှတဲ့ အသင့်စားအစားအသောက်တွေရောင်းနေတဲ့ စားသောက်တန်းကြီးပါပဲ။ဗိုက်ဆာနေချိန် အကြိုက်ဆုံးအစားအသောက်တွေ ခုဝယ်ခုစားလို့ ရပြီသဘောခွေ့သွားတာတော့ ပြောမနေနဲ့။

ပထမဆုံးတွေ့တာက မြန်မာ့ရိုးရာမုန့်တန်း၊ စုံစုံလင်လင်ရှိလို့ ဒီလိုအခွင့်အခါ ကြုံကြိုက်တုန်းအဝစားမယ်ဆိုပြီး ဘိန်းမုန့်နဲ့ မုန့်ပျားသလက် တန်းကိုသွားပြီး မုန့်ပြားသလက်ကို အရင်ဝယ်ဖြစ်ပါတယ်။ ပူပူနွေးနွေးရှိတဲ့  မုန့်ပျားသလက်လေးက ဈေးနှုန်းအနေနဲ့ကတော့ မုန့်ပျားသလက်နှစ်ခုကို 650 ကျပ်ပဲဆိုတော့ တန်လွန်းတာပေါ့။ မုန့်သားလေးကနူးညံ့ပြီး ကြက်သွန်မိတ်နဲ့ ပဲပြုတ်တို့ ဖြူးထားလို့ အရသာကတော့ ရှယ်ပဲ။ မုန့်သားလေးကလည်း အိစက်နှူးညံ့နေတာပဲ။

မုန့်ပျားသလက်ရဲ့ ဘေးကပ်ရပ်မှာတော့ ပဲပြုတ်နဲ့ ရိုးရိုးမုန့်လင်ပြားရယ်၊ ငုံးဥထည့်ကြော်တာရယ် အစပ်ကြိုက်တဲ့သူတွေအတွက် ကီးမားမုန့်လင်ပြားတို့က တန်းစီစောင့်ကြိုနေပါတယ်။ ဘယ်ရမလဲ ဆွဲတာပေါ့။ လမ်းဘေးမှာရောင်းနေတဲ့မုန့်လင်မယားနဲ့တကယ်ကွာခြားတာက ဆီသန့်ကို သုံးထားလို့ လျာထဲမှာ စီးနေတဲ့ဆီအရသာကို မရဘူး။ ပိုကြွ့ပ်တယ်။

နောက်ထပ် ဘာထပ်စားရင်ကောင်းမလဲဆိုပြီး အရှေ့ကိုဆက်သွားလိုက်တော့ စားချင်စဖွယ် အကြော်စုံကို တန်းတွေ့တော့တာပါပဲ။ အမျိုးအမယ်အစုံလင်တဲ့အပြင် သေချာ စနစ်တကျ ခင်းကျင်းပြသထားပြီး ဈေးနှုန်းကလည်းအသင့်အတင့်ပါပဲ။ စုံပါတယ်လို့ပြောတဲ့ အကြော်ဆိုင်တွေမှာတောင်မှ Ocean ရဲ့ Food Court မှာ ရောင်းချပေးနေတဲ့ အကြော်တွေလောက် စုံမယ်မထင်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်မှာတော့ မစိုးရိမ်ပါနဲ့။ အချဉ်ရည်ထုပ်လေးတွေက အစ သပ်သပ်ရပ်ရပ်ထုပ်ပိုးပြီးတော့ ထည့်သွင်းပေးထားသလို အကြော်လေးတွေကလည်း ပူပူ နွေးနွေး ကြွပ်ကြွပ်ရွရွလေးတွေမို့ ဒါလေးကလည်း ရွေးချယ်စရာတစ်ခုဖြစ်နေပြန်တယ်။ အကြော်ကလည်း ကြွပ်ရွနေပြီး ဆီကောင်းကိုပဲ သုံးထားတယ် ပိုစားလို့ကောင်းနေပြန်တယ်။

အကြော်တန်းပြီးတာနဲ့ တွေ့ရတာကတော့ နေ့လည်စာအနေနဲ့ စားသုံးနိုင်မယ့် အစားအစာတွေပါပဲ။ အစာပြေတွေချည်းဝယ်စားနေလို့လည်း မဖြစ်သေးပါဘူး။ ဝတာတစ်ခုခုတော့ ဝယ်စားဦးမှပါဆိုပြီး ထူးထူးခြားခြားချဉ်ပေါင်ထမင်းသုပ်နဲ့ ဝက်ခေါင်းသုပ်ကိုရွေးချယ်ဖြစ်ခဲ့တယ်။ ထမင်းသုတ်ကလည်း ဆွေမျိုးမေ့ ၀က်ခေါင်းသုပ်ကလည်း ရှောက်ရွက်မွှေးမွှေးလေးနဲ့ စားလို့ကောင်းမှကောင်း။ နေ့လည်စာအတွက် ဖွယ်ဖွယ်ရာရာ ဟင်းတွေပါတဲ့ အသင့်စားထမင်းဘူးလေးတွေအပြင် အထူးစပယ်ရှယ် အုန်းထမင်းနဲ့ ထောပတ်ထမင်းလည်းရနိုင်သေးတာဆိုတော့ အားပါးပါး။ အကြိုက်တွေချည်းပါလားလို့။ နေ့လည်စာစားချိန်မလို့လားမသိဘူး။ လူတွေက စည်းကားနေတာပဲ။

အသုပ်အစုံအလင်ကိုလည်း သေချာသပ်သပ်ရပ်ရပ် ရောင်းချနေတာကို တွေ့ခဲ့ရသေးတယ်။ ဒီလိုနဲ့ပဲ ထမင်းသုပ်ကော ဝက်ခေါင်းသုတ်ရောကို မှာပြီးတော့ တချက်စိုးရိမ်သွားမိတယ်။ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ပေါ့။ ဒါပေမယ့် ရလည်းရရော ဗူးလေးတွေနဲ့ သယ်ယူသွားနိုင်အောင် ထည့်ပေးလို့ ပျော်ရပြီလေ။ ထုပ်ပိုးမှု သန့်ရှင်းလတ်ဆတ်မှုနဲ့တင် အတော်လေးတန်နေပါပြီ။ ပါဝင်တဲ့ ပမာဏကလည်း ပုံမှန်အချိန်တွေမှာ ဝယ်စားနေကျထက်မနည်းလို့ တန်ပြီးရင်းကို တန်နေတော့တာပါပဲ။ အရသာကတော့ အထူးပြောစရာမလိုလောက်အောင် အမြင်နဲ့တင်ရှယ်ပါပဲ။

Ocean Supercentre Food Court ရဲ့ ထူးခြားချက်တစ်ခုက ဝယ်ယူပြီးသားအစားအစာတွကို ချက်ချင်းစားသောက်ချင်သူတွေအတွက် စားပွဲနဲ့ခုံလေးတွေကို စီစဉ်ပေးထားတာပါပဲ။ အဝေးကြီးတွေသယ်သွားစရာမလိုတော့ ဝယ်ပြီးတာနဲ့ ပူပူနွေးနွေးလေး တစ်ခါတည်း စားသောက်နိုင်လို့ အဆင်ပြေပြီးရင်း အဆင်ပြေနေတော့တာပါပဲ။ စားရင်းသောက်ရင်း နည်းနည်းကြာတော့ အီသလိုလိုခံစားလာရလို့ အအေးသောက်ချင်လာပြန်ရော။ အဝေးကြီးလည်း ထပ်ပြီးမထသွားချင်တော့ဘူး။ ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားရကျပ်နေချိန် အနားကကောင်တာမှာ အအေးတစ်ခွက်ကို ငါးရာကျပ်နဲ့ ရောင်းချပေးနေတာတွေ့တော့ အသာလေးထပြီးမှာသောက်လိုက်ရုံပဲ။ အားလုံးစားသောက်ပြီးလို့ ပြန်တော့မယ့်အခါမှာလည်း စားပွဲပေါ်က ကိုယ့်အမှိုက်တွေကို စွန့်ပစ်ဖို့ အမှိုက်ပုံးလေးကိုလည်း ကောင်တာနားမှာ သပ်သပ်ရပ်ရပ်လုပ်ပေးထားပါသေးတယ်။ Self Service ဆိုပေမယ့် လွယ်ကူအဆင်ပြေတာကြောင့် နောက်တစ်ခါထပ်သွားဖို့ သေချာပေါက် စိတ်ကူးထားပါတယ်။

Ocean Supercenter Food Court တိုင်းမှာရှိတဲ့ အစားအသောက်ကပဲ အရသာရှိတာမဟုတ်ပါဘူး။ အစားအစာတွေကို ပြုလုပ်တဲ့ ဝန်ထမ်းတိုင်းကိုကြည့်မယ်ဆိုရင်လည်း လက်အိတ်၊ Mask ၊ ဦးထုပ် စသဖြင့် သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း ဝတ်စားဆင်ယင်ပြီးမှ ကိုင်တွယ်ကြတာကြောင့် ရောဂါအန္တရာယ်တစ်ခုတစ်လေဖြစ်မှာ စိတ်မပူရတော့ဘူးပေါ့။ ဝန်ထမ်းတစ်ယောက်စီတိုင်းကလည်း ဈေးနှုန်းနဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ အရသာနဲ့ပတ်သက်လို့ဖြစ်ဖြစ် မေးလိုက်တဲ့မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ပြန်ဖြေကြားပေးလို့ ကိုယ်တွေလို လူငယ်စားသုံးသူတွေဖြစ်စေ၊ လူကြီးတွေဖြစ်စေ ဈေးဝယ်ရတာ စိတ်ချမ်းမြေ့စရာ နေရာတစ်ခုဖြစ်ပြီလေ။

ဒီလိုမျိုး သန့်ရှင်းသပ်ရပ်တဲ့ အစားအသောက်တွေကို ရောင်းချပေးနေတဲ့ Food Court က လူကြီးလူငယ် ကျားမ မရွေး အားလုံးအတွက် ပြီးပြည့်စုံတဲ့နေရာလေးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ မိသားစုနဲ့အတူတူဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ဖြစ်စေ၊ ချစ်ရသူနဲ့ပဲဖြစ်ဖြစ် အတူလာရောက်ပြီးတော့ စုံလင်များပြားလှတဲ့ မုန့်မျိုးစုံကို ရွေးချယ်စားသောက်ကာ တန်ဖိုးရှိတဲ့ ပျော်ရွှင်စရာအချိန်လေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်လို့ ကိုယ့်အိမ်အနီးအနားရှိ Ocean Supercenter ရဲ့ Food Court ကို တစ်ခါတစ်ခေါက်လောက် အရောက်သွားလိုက်ကြပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်နော်။