ခရီးသွားဖို့ ပွင့်လင်းရာသီ ရောက်လာတာနဲ့ အတူ ရုံးပိတ်ရက်တွေ ဆက်နေတဲ့ ဒီအချိန်လေးတွေမှာ စိတ်ဖိအားတွေကနေ လွတ်မြောက်ဖို့ လူတွေဟာ ခရီးထွက်ကြပါတယ်။ နိုင်ငံခြား ခရီးစဉ်တွေထဲမှာတော့ ဘန်ကောက်နဲ့ ဗီယက်နမ်ဟာ ခေတ်အစားဆုံးလို့ ပြောရလောက်အောင် သွားကြသူ များလှပါတယ်။
တကယ်လို့များ သင်ဟာ ဗီယက်နမ်ကို သွားမယ်ဆိုရင်တော့ နာမည်ကျော် ခေါက်ဆွဲကို စားခဲ့ဖို့ မမေ့ပါနဲ့နော်။ ဈေးနှုန်းကလည်း မြန်မာငွေနဲ့ ပြန်တွက်ရင် အတော်လေး တန်ပြီး အရသာကလည်း လျှာလည်စေမယ့် အရသာမျိုးပါ။
ဗီယက်နမ် ခေါက်ဆွဲမှာ နာမည်အကြီးဆုံး ၅မျိုး ရှိပါတယ်။ Pho, Banh da cua, Mi Quang, Bun Bo Hue,Hu Tieu Nam Vang ဗီယက်နမ် နာမည်တွေက အသံထွက်ရနည်းနည်းတော့ ခက်ပါတယ်။
Pho
Pho ဟာ ဗီယက်နမ်မှာတော့ နာမည်ကြီးတဲ့ အစားအစာ တစ်မျိုးပါ။ ဒါကို မစားခဲ့ဖူးဆိုရင်တော့ ဗီယက်နမ် ရောက်တယ် မဆိုနိုင်ပါဘူး။ သူရဲ့ မူရင်းဇစ်မြစ်ကတော့ ဟနွိုင်းမြို့ကပါ။ ဒေသအသီးသီးမှာ ချက်ပြုတ်ပုံကွဲတဲ့ အမည်တူတဲ့ ခေါက်ဆွဲတွေ ရှိပါတယ်။
ဟနွိုင်းရောက်ခဲ့ရင်တော့ စားဖြစ်အောင် စားခဲ့ပါ။ ရိုးရာ အစားအစာလို့ ပြောလို့ရတဲ့ ဒီခေါက်ဆွဲမှာ အမဲသား သို့မဟုတ် ကြက်သားနဲ့ ရပါတယ်။ ငရုတ်သီးဆော့စ်နဲ့ စားရတာဖြစ်ပြီး ပူစီနံနဲ့ နံနံပင်လေးတွေပါ ပါပါတယ်။
Banh Da Cua
ဒီခေါက်ဆွဲကတော့ မနက်စာအဖြစ် အစားများကြပါတယ်။ ခေါက်ဆွဲက မြန်မာလို ဆန်ပြားလို ပုံစံမျိုးပါ။ ဆန်ခေါက်ဆွဲထက် အနည်းငယ် ကြီးပါတယ်။ လတ်ဆတ်တဲ့ ပုဇွန်နဲ့ ပြုလုပ်ထားတဲ့ အတွက် အရသာဟာ သူမတူအောင်
ချိုပါတယ်။
အခြား အသားတွေလည်း ထည့်စားလို့ ရပါတယ်။ သံပုရာရည်နဲ့ ငရုတ်သီးလေး ထပ်ဖြည့်စားရင် ပိုကောင်းပါတယ်။ Pho ပုံစံနဲ့ တူပြီး အသီးအရွက်တွေ ထပ်ပေါင်းထည့်ပြီးလည်း စားကြပါတယ်။
Mi Quang
Mi Quang ဟာ Quang Nam မှာ အချိန်အတော်ကြာ နာမည်ကြီးခဲ့တဲ့ ခေါက်ဆွဲဖြစ်ပြီး ယနေ့ထိတိုင်လည်း နာမည်ကြီးဆဲပဲ ဖြစ်ပါတယ်။ အခြားခေါက်ဆွဲတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ သူက မြန်မာလိုဆိုရင်တော့ ဆီချက် ပုံစံလို့ ပြောလို့ရပါတယ်။ Soup ပုံစံမျိုး မဟုတ်ပါဘူး။
ဆန်ခေါက်ဆွဲအသေး၊ ကြက်သား၊ ဝက်သားနဲ့ ပုဇွန်တို့ ပါဝင်ပြုလုပ်ထားတဲ့ ခေါက်ဆွဲပါ။ နှမ်းကပ်မုန့်ကြွပ်ကြော်နဲ့ တွဲပြီး စားရပါတယ်။ Street Food တွေထဲမှာတော့ နာမည်ကြီး တဲ့ အစားအစာပါ။
Bun Bo Hue
Bun Bo Hue ဟာ ဗီယက်နမ်ရဲ့ အလယ်ပိုင်း Hue မြို့တော်ရဲ့ အစားအစာ တစ်ခုပါ။ အမဲသားနဲ့ ဝက်ရိုးတို့နဲ့ အမျိုးမျိုး ချက်ပြုတ်ထားတဲ့ ခေါက်ဆွဲပါ။ စပါးလင်နဲ့ ငရုတ်သီးအနီလေးတွေလည်း အဓိက ပါဝင်ပါသေးတယ်။ အစပ်ကြိုက်သူတွေ အတွက်တော့ အဆင်ပြေလှပါတယ်။
ဝက်သွေးခဲလေးတွေပါ ပါဝင်ပြီး စားသုံး လို့ ရပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နံနံပင်တို့လည်း ထည့်ထားတဲ့ အတွက် အနံ့နဲ့တင် စားချင်စဖွယ်ပါ။
Hu Tieu Nam Vang
Hu Tieu Nam Vang ဟာလည်း ဗီယက်နမ်ရဲ့ နာမည်ကျော်လှတဲ့ ခေါက်ဆွဲတစ်မျိုးပါပဲ။ အထူးသဖြင့် Saigon မြို့မှာပါ။ ဝက်သားကို အခြေခံပြီး ချက်တဲ့ ခေါက်ဆွဲပါ။ ပုဇွန်လေးပါ ပေါင်းထည့်ထားတဲ့အတွက် အရသာကတော့ ပြောစရာမလိုအောင်ပါပဲ။
ဝက်အူမကို ပါးပါးလှီးထားပြီး ကြက်ဥ၊ ကြက်သွန်မြိတ်နဲ့ နံနံပင်လေးတွေပါ ပါဝင်ပါသေးတယ်။ ငရုတ်သီးလေးနဲ့ သံပုရာရည်လေးပါ ထပ်ပေါင်းစားရင်တော့ ရှယ်ပဲနော်။