ကြက်ပေါင်ကို ခရမ်းချဉ်သီးနှင့်ချက်ထားတဲ့ အရသာလေးက တစ်မျိုးလေး စားလို့ကောင်းပါတယ်။ အီတလီခေါက်ဆွဲ (သို့) ထမင်း တို့ဖြင့်လည်း တွဲဖက်စားလို့ အဆင်ပြေပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် – ၈ ခု (ဆူးချွန်လေးဖြင့်ထိုးထားပါ။ အသားမှုန့် နယ်ထားပါ)
- ခရမ်းချဉ်သီး – ၅ လုံး (အစေ့ထုတ်ပြီး ခပ်ကြမ်းကြမ်းလေး လှီးတားပါ)
- ကြက်သွန်နီ – ၅ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၄ မြွှာ (ထောင်းထားပါ)
- ချင်း – ၁.၅ စင်တီမီတာ (ထောင်းထားပါ)
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ
- အသားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ (၁ ဇွန်းခွဲ အသားနယ်နှပ်ရန်)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ – စားပွဲဇွန်း ၂ ဇွန်းခွဲ
- ဆား – အနည်းငယ်
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- စပါးလင် – ၁ ချောင်း (ထုပြီး ထုံးထားပါ)
ပြုလုပ်နည်း
- ကြက်ပေါင်ကို အသားမှုန့် ၁ ဇွန်းခွဲဖြင့်နယ် နှပ်ထားပါ။
- ဆီ အပူပေးပါ။ ဆီပူလျှင် ကြက်သွန်ဖြူ၊ နီ၊ နနွင်းမှုန့်၊ ချင်းနှင့် စပါးလင်များကို ဆီသတ်ပါ။ ကြက်သွန်များနွမ်းပြီး မွှေးလာလျှင် အရောင်တင်မှုန့်နှင့် ငံပြာရည်ထည့်ပြီး နှံ့အောင် မကြာခဏ မွှေပေးပါ။
- ရွှေရောင်သမ်းလာလျှင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးနွမ်းလာလျှင် ကြက်ပေါင်ထည့်ပါ၊ ကြက်ပေါင်မြှုပ်အောင် ရေထည့်ပြီး အဖုံးအုပ်တည်ပါ။
- မကြာခဏမွှေပေးပါ။ ရေခန်းလျှင် နောက် တစ်ရေထပ်တည်ပါ။ ကျန်ပါဝင်ပစ္စည်းများထည့်ပါ။
- ကြက်သားနူးပြီး အနှစ်ကျတဲ့အထိ တည်ပါ။ ဆားမြည်းပြီး လိုလျှင် ထပ်ထည့်ဖြည့်နိုင်ပါတယ်။