အားလုံးပဲမင်္ဂလာပါ။ အရသာရှိပြီး ခွန်အားပြည့်စေမယ့်အပြင် ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေမယ့် စွပ်ပြုတ်လေးဖြစ်တာကြောင့် မိသားစုဝင်တွေကျန်းမာဖို့ ကြက်ပေါင်းကြာစွယ်စွပ်ပြုတ်လေးချက်ကျွေးလိုက်ပါနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ရင်းသား ၅၀၀ ဂရမ်
  • ကြာစွယ် ၂ ကီလိုဂရမ်
  • မြေပဲအစိမ်း ၅၀ ဂရမ်
  • ကြက်သွန်ဖြူ ၆ မွှာ
  • ဂျင်း ၁ တက်
  • ကြက်သွန်မြိတ် ၁ စည်း
  • ဆားအနည်းငယ်
  • ငရုပ်ကောင်းမှုန့် စားပွဲတင်ဇွန်းတစ်ဝက်ခန့်
    ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်သားကိုရေဆေးသန့်စင်ပြီး အပေါ်ယံအဆီ နဲ့ အရေခွံတွေကို ဖယ်ရှားပေးရပါမယ်။ကြက်အဆီကိုတော့ပြန်သုံးမှာဖြစ်တဲ့အတွက် ပန်းကန်လုံးတစ်ခုထဲမှာဖယ်ထားပေးရပါမယ်။ပြီးရင်တော့ ကြက်သားကိုဆားအနည်းငယ်ငရုပ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး သမအောင်နယ်ပေးရပါမယ်။ထို့နောက်ရေခဲသေတ္တာထဲတွင်ခေတ္တခဏနှပ်ထားလိုက်ပါ။

(၂) ကြာစွယ်ကိုတော့အပေါ်ယံအခွံတွေလှီးထုတ်ပြီး ၁ စင်တီမီတာအထူခန့် သို့မဟုတ် မိမိစိတ်ကြိုက်အထူအပါးကို ရွေးချယ်ပြီးအနေတော်လှီးဖြတ်ပေးရပါမယ်။ဂျင်းကိုလည်း ခပ်ပါးပါးလှီးပြီး ကြက်သွန်ဖြူကိုတော့ဓားပြားရိုက်ထားပေးပါ။ထို့နောက်ဒယ်အိုးတစ်ခုကိုယူ၍ မီးအနေတော်ဖြင့်အပူပေးပါ။အိုး နည်းနည်းပူလာပြီဆိုရင်တော့ ခုနကလှီးထုတ်ထားတဲ့ကြက် အဆီကိုထည့်ပြီး အိုကင်းပူပေးရပါမယ်။

(၃) ကြက်အဆီတဖြေးဖြေးပျော်ပြီး ဆီထွက်လာပြီဆိုရင်တော့ ဂျင်းနဲ့ကြက်သွန်ဖြူကိုရောထည့်ပြီးဆီသပ်ပေးပါ။၁ မိနစ်ခန့် ဆီသပ်ပြီးတာနဲ့ နှပ်ထားတဲ့ကြက်သားကိုရောထည့်ပြီး ကြော်ပေးရပါမယ်။ထို့နောက် ရေ ၃ ခွက်ခန့်ထည့်ကာ ကြက်သွန်မြိတ်ကို အစည်းလိုက်ကြိုးအထုံးပုံစံစည်းပြီးရောပြုတ်ပေးရပါမယ်။ဆက်လက်ပြီးအခွံချွတ်ထားတဲ့မြေပဲကိုပါရောထည့်ကာ ၄၅ မိနစ်ခန့် ပြုတ်ပေးရပါမယ်။

(၄) အချိန်ပြည့်ပြီး ကြက်သားလည်းနူးအိနေပြီဆိုရင်တော့ အသင့်လှီးထားတဲ့ကြာစွယ်ကိုထည့်ကာ မိနစ် ၂၀ ခန့်ထပ်ပြုတ်ပေးရပါမယ်။စွပ်ပြုတ်အရည်ခမ်းလာတယ်ဆိုရင် အသင့်တည် ထားတဲ့ ရေနွေးကိုအနည်းငယ်ထပ်ဖြည့်ပြီး ဆက်ပြုတ်လို့ရပါတယ်။အရသာအတွက် ဆားနဲ့ငရုပ်ကောင်းကိုလည်း မိမိစိတ်ကြိုက်ထပ်ထည့်နိုင်ပါတယ်။ မိနစ် ၂၀ ပြည့်ပြီဆိုရင်တော့ ပန်းကန်လုံးထဲပြောင်းထည့်ပြီး နူးအိနေတဲ့အရသာ ကြက်သားနဲ့အတူ အရမ်းကိုအရသာရှိတဲ့ ကြာစွယ်စွပ်ပြုတ်လေးကို အသင့်သုံး ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။