အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချောကလက်ချစ်သူတွေ အကြိုက်တွေ့သွားစေမယ့် ချောကလက်အရသာ ပူတင်းပေါင်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၂၅၀ မီလီလီတာခန့်၊ ခရင်မ် ၃၆၀ ဂရမ်
  • သကြား ၅၀ ဂရမ်
  • ချောကလက် ၁၀ အောင်စခန့်
  • ကြက်ဥ အနှစ် ၈ လုံးနှင့် ကြက်ဥ အလုံးလိုက် ၂ လုံး
  • ပေါင်မုန့် ၁ ပေါင်ခန့် (တစ်လက်မအရွယ်အစားခန့် လှီးဖြတ်ထားပါ)

ချောကလက်ဆော့စ် ပြုလုပ်ရန်

  • Whipping ခရင်မ် ၂၄၀ ဂရမ်
  • ချောကလက် ၈ အောင်စခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲ ထည့်ဖုတ်မယ့် လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးထဲတွင် ခရင်မ် ၃၆၀ ဂရမ်၊ နွားနို့နှင့် သကြားတို့ထည့်ပြီး သကြားများ အရည်ပျော်သွားသည်အထိ တည်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို မီးဖိုပေါ်က ချပြီးနောက် ချောကလက် ၁၀ အောင်ခန်ခန့်ကို အိုးထဲထည့်ပြီး အိုးအပူချိန်ဖြင့် အရည်ပျော်လာသည်အထိ မွှေပေးလိုက်ပါ။

၄။ ကြက်ဥ အနှစ် ၈ လုံးနှင့် ကြက်ဥ နှစ်လုံးတို့ကို ခပ်ပြင်းပြင်း မွှေခလောက်ထားပါ။

၅။ ထို့နောက် ကြက်ဥများကို ချောကလက်အိုးထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ပေါင်မုန့်အတုံးလေးများကို ဇလုံထဲထည့်ပြီးနောက် ချောကလက်အရည်များကို လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၇။ ထို့နောက် ပေါင်မုန့်နှင့် ချောကလက်အရည်များကို ထောပတ်သုတ်ထားသော လင်ဗန်းထဲသို့ ပြောင်းထည့်လိုက်ပါ။

၈။ လင်ဗန်းကို ခဲဖတ်ဖြင့် အုပ်ထားပြီးနောက် Oven ထဲထည့်ကာ ၄၅ မိနစ်ခန့် မီးဖုတ်လိုက်ပါ။ အချိန်ပြည့်ပါက ခဲဖတ်ဖယ်လိုက်ကာ ၁၅ မိနစ်ခန့် ထပ်ဖုတ်ပေးရပါမယ်။ အချိန်ပြည့်ပါက အအေးခံထားလိုက်ပါ။

၉။ ချောကလက်ဆော့စ် ပြုလုပ်ရန်အတွက် အသင့်ပြင်ထားသော ပါဝင်ပစ္စည်း နှစ်မျိုးကို သမအောင်မွှေထားလိုက်ပါ။ ထို့နောက် ချောကလက်ပေါင်မုန့်ပေါ်လောင်းချပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ချောကလက်အရသာ ပူတင်းပေါင်မုန့်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats.com