အားလုံးပဲမင်္ဂလာပါ။ဒီတစ်ခေါက်မှာတော့ စင်္ကာပူနဲ့မလေးရှားနိုင်ငံတို့မှာအရမ်းကိုနာမည်ကြီးတဲ့ တရုတ်စတိုင် မှိုကြက်သားမြေအိုးထမင်းချက်နည်းလေးကိုပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား ၂ ချောင်း
  • ဆန်နို့ဆီဗူး ၂ လုံး
  • မှိုခြောက် ၄ ပွင့်
  • ဝက်အူချောင်း ၁ ချောင်း
  • ကြက်သွန်ဖြူ ၄ မွှာ
  • ကြက်သွန်နီအသေး ၄ လုံး
  • ကြက်သွန်မြိတ် ၁ ပင်
  • ဂျင်း ၁ တက်
  • ခရုဆီ ၂ ဇွန်း
  • ပဲငံပြာရည်အကြည် ၂ ဇွန်း
  • ပဲငံပြာရည်အနောက် ၂ ဇွန်း
  • ငရုပ်ကောင်းမှုန့် အနည်းငယ်
  • ပြောင်းဖူးမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားစားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် ၂ ဇွန်း
  • နှမ်းဆီ ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ ၄ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ကြက်ပေါင်ကိုရေဆေးသန့်စင်ပြီး အရိုးထုတ်ပေးပါ။ထို့နောက်အနေတော်အတုံးလေးတွေတုံးပေးပါ။ပြီးရင်တော့ ဇလုံတစ်ခုအတွင်း ကြက်သွန်ဖြူ ဂျင်း ပဲငံပြာရည်အကြည် ငရုပ်ကောင်း ဟင်းချက်ဝိုင် သကြား နဲ့ ခရုဆီတို့ရောထည့်ပြီးသမအောင်နယ်ပေးပါ။နယ်ပြီးရင်တော့ ၁ နာရီခန့်နှပ်ထားပေးလိုက်ပါ။ကြက်သားနှပ်ထားစဉ် ဆန် ၂ လုံးအား နာရီဝက်ခန့်ရေစိမ်ထားပေးရပါမယ်။နာရီဝက်ပြည့်ပြီဆိုရင်တော့ ရေစိမ်ထားတဲ့ဆန်တွေကို ဇကာတစ်ခုအတွင်း ရေစစ်ပေးထားပါ။

(၂) ထို့နောက်မြေအိုးအတွင်းရေအနည်းငယ်ထည့်ပြီး မီးအနေတော်ဖြင့် တည်ပေးထားရပါမယ်။ရေနွေးဆူလာပြီဆိုရင် ခုနကရေစစ် ထားတဲ့ဆန်ကိုထည့်ပြီး ၅ မိနစ်ခန့်ချက်ပေးရပါမယ် ။ဆန်ချက်ထားတဲ့မြေအိုးအတွင်းသို့ အနေတော် လှီးဖြတ်ထားတဲ့မှိုလေးတွေထည့်ပြီးနောက်ထပ် ၃ မိနစ်ခန့်ထပ်ချက်ပေးရပါမယ်။ထို့နောက်ခပ်ပါးပါးလှီးထားတဲ့ကြက်သွန်နီကွင်းလေးတွေကို ထမင်းချက်ထားတဲ့မြေအိုးအတွင်းထပ် ထည့်ပေးပါ။

(၃) ထမင်းလဲကျက်ပြီး ကြက်သားနှပ်ထားတဲ့အချိန် ၁ နာရီခန့်လည်းပြည့်ပြီးဆိုရင်တော့ မြေအိုးအတွင်းကြက်သားတုံးလေးတွေကိုထပ်ထည့်ကာ မီးခပ်အေးအေးဖြင့် ၁၅ မိနစ်ခန့်ထပ် တည်ပေးထားရပါမယ်။ နောက်ထပ်ဒယ်အိုးတစ်ခုအတွင်း ဟင်းရွှက်ဆီအနည်းငယ်ထည့်ပြီး ခပ်ပါးပါးလှီးထားတဲ့ကြက်သွန်နီကွင်းလေးတွေကိုကြော်ပေးရပါမယ်။ကြက်သွန်နီလေးတွေကြွပ်ပြီးရွှေအိုရောင်သန်းလာတဲ့အထိကြော်ပေးပါ။

(၄) ပြီးရင်တော့ကြက်သွန်ကြော်လေးတွေကို ဆယ်ပြီးဆီစစ် ထားပေးပါ။ထမင်းနဲ့ကြက်သားလည်းကျက်ပြီဆိုရင်တော့ မြေအိုးအတွင်း ပဲငံပြာရည်အနောက်အနည်းငယ် နှမ်းဆီတစ်ဇွန်းနဲ့ ခုနကကြော်ထားတဲ့ကြက်သွန်ကြော်လေးရယ်ထည့်ပြီးနှံ့အောင် မွှေပေးရပါမယ်။ဒါဆိုရင်တော့ ကြက်သားရဲ့အချိုအရသာ မှိုရဲ့မွှေးပျံတဲ့ရနံ့လေးနဲ့အတူ အရသာရှိလှတဲ့ မှိုကြက်သားမြေအိုးထမင်းလေးကို ကြက်သွန်မြိတ်လေးအနည်းငယ်အုပ်ပြီး အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Source : asianfoodnetwork