ကင်းပုံသီးတချို့ကမခါးတတ်ပေမယ့် အချို့အသီးတွေကတော့ ခါးတဲ့အရသာလေးရှိတတ်ပါတယ်။ ဒီအခါမှာ အခါးဓာတ်လေးကို နည်းနည်းပျောက်စေဖို့ နွားနို့လေးကို ထည့်ချက်ကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ကင်းပုံခါးသီး ၃၅ လုံး ( ကျည်ပွေ့ဖြင့် ကြေမသွားစေရန် ခပ်ဖွဖွ ထုပြီး ဆားဖြင့် သေချာ နယ်ပြီး ရေစင်အောင်ဆေး ၊ ရေစစ်ထားပါ)
- နွားနို့ ၃ လီတာ
- ကြက်သွန်နီ ၅ လုံး (အတုံးသေးလေးများ တုံးထားပါ)
- ငရုတ်ကြမ်းမှုန့် ၃ ဇွန်း
- နနွင်း အနည်းငယ်
- ဆီ ၅ ကျပ်သား
- ဆား ၁ ဇွန်း (ဟင်းစားဇွန်း)
ပြုလုပ်နည်း
- နွားနို့များကို အရင်ဆုံး သုံးပုံ တစ်ပုံလောက် ခမ်းသွားအောင်ကြိုထားပါ။ ခမ်းသွားပြီဆိုလျှင် ဆီ ၊ ဆား ၊ နနွင်းမှုန့် ၊ ငရုတ်ကြမ်း ၊ ကြက်သွန်နီထည့် တည်ထားပါ ။
- ၁၀ မိနစ်လောက် တည်ထားပြီး ကင်းပုံသီး အခါးများ ထည့်ပါ ။ မီးမပြင်းရ။
- ခဏခဏ မမွှေပဲ အိုး မကပ်စေရန်သာ မကြာမကြာ ကြည့်ပြီး အသာလေး မွှေပေးပါ။
- နို့ရည်များ ခမ်းပြီး ထွေးလာလျှင် ကင်းပုံသီးလေးများလည်း အိလာပါပြီ။ အပေါ့အငံ စိတ်ကြိုက် ပြင်ပြီး စားလို့ ရပါပြီ။
- အရမ်း မခါးပဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလှတဲ့ ဟင်းလေး တစ်ခွက် ရပါပြီရှင်။
Credit: Soe’s Cooking Collection