မြန်မာပြည်မှာ မုန့်ဟင်းခါးပြီးရင် လူအကြိုက်ဆုံး အစားအစာကတော့ အုန်းနို့ခေါက်ဆွဲ ၊ နို့စိမ်းခေါက်ဆွဲတို့ပဲ ဖြစ်ပါတယ်။ မနက်တိုင်း မနက်စာ အဖြစ် မြန်မာတွေ နှစ်ကြိုက်စွာ စားကြသလို ညနေပိုင်းတွေမှာလည်း သရေစာ အဖြစ် စားကြပါတယ်။ အုန်းနို့ရှောင်တဲ့ သွေးတိုးသမားတွေ သက်ကြီး ရွယ်အိုတွေကတော့ နို့စိမ်းခေါက်ဆွဲကို စားကြပါတယ်။ သူတို့နှစ်မျိုးက အုန်းနို့ထည့်တာနဲ့ နို့စိမ်းထည့်တာပဲ ကွာတာပါ။

အုန်းနို့ခေါက်ဆွဲဟာ ခေါက်ဆွဲဖတ်၊ ညှက်ခေါက် ဆွဲဖတ်တို့နဲ့ ကြက်သားကို အဓိကထား ချက်ထားတဲ့ ဟင်းရည်နဲ့ တွဲစားရတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ မြန်မာတွေကတော့ ခေါက်ဆွဲကို သရေစာ အဖြစ် စားသလို သာရေး၊ နာရေးတွေမှာလည်း ကျွေးမွေးကြပါတယ်။ တကယ်တော့ အုန်းနို့ခေါက်ဆွဲဟာ မြန်မာ အစားအစာရယ် လို့တော့ အတိအကျ ပြောလို့မရပါဘူး။ အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း အခေါ်အဝေါ် မတူပေမယ့် ပုံစံတူ ခေါက်ဆွဲမျိုးကို စားကြပါတယ်။

ဟင်းရည်မှာ အဓိကကတော့ ကြက်သားကို ဆီသတ်ပြီး ကြက်သွန်နီ၊ ကုလားပဲ တို့နဲ့ ရောကြို ပြီးရင် အုန်းသီးကို ညှစ်ပြီး ယူထားတဲ့ အုန်းနို့ရည်ထည့်ချက်ထားတာပါ။ အုန်းနို့ရည်ကို အဆီဝေ့လာအောင် ကြာကြာချက်လေ အနံ့ပိုမွှေးပြီး အီစိမ့်နေအောင် ကောင်းပါတယ်။ အုန်းနို့ မတည့်သူတွေ အတွက်ကတော့ နွားနို့တို့ နို့စိမ်းတို့ ထည့်ချက်ကြပါတယ်။

သွေးတိုးသမားတွေ အတွက်ကတော့ အုန်းနို့ ရှောင်တာ ကောင်းပါတယ်။ ဟင်းရည်ချက်ရင် ငံပြာရည်ကို ကောင်းကောင်း သုံးပါ။ ကုလားပဲကို ကြိတ်ပြီး ချက်လို့ရသလို readymade အထုပ်တွေနဲ့လည်း ချက်ကြပါတယ်။ ထည့်မယ့် ကြက်သားဟာ အရိုးဖယ်ပြီး အသားတုံးလေးတွေပဲဆို ပိုကောင်းပါတယ်။ အရိုးကိုတော့ သပ်သပ်ထည့်ချက်ပါ။ အချိုအတွက် အထောက်အကူ ဖြစ်စေပါတယ်။

 

ဟင်းချက်ရာမှာတော့ ဂျင်း၊ နနွင်းမှုန့်၊ ကြက်သွန်ဖြု၊ ကြက်သွန်နီ၊ ငရုတ်သီး အရောင်တင်မှုန်၊ ဆီ၊ ကြက်ဥ၊ သကြား၊ အုန်းနို့တို့ ပါဝင်ပါတယ်။ ကြက်သွန်နီတွေကိုတော့ အလုံးလိုက်ထည့်ပေးရမှာပါ။ ပထမဆုံး ပဲမှုန့်စိမ်းကို အရည်ဖျော်ထားပြီး ကြက်ရိုးတွေကိုပါ ဟင်းချက်မယ့်အိုးထဲ ရောထည့်ထားပါ။ ဟင်းအရည် ဆူလာလ ျှင် ကြက်သွန်နီ အလုံးလိုက်များ ထည့်လိုက်ပါ။

ပြီးရင် အသားတုံးလေးတွေကို နနွင်း၊ ငံပြာရည်နဲ့ နယ်ပြီး ဂျင်း၊ကြက်သွန်ဖြူ၊ အရောင်တင်မှုန့်၊ ဆီတို့နဲ့ ဆီသတ်ပါ။ ပဲဟင်းရည်အိုးထဲ ဆီသတ်ထားတဲ့ အသားတွေကို ရောထည့် ပြီးရင် အုန်းနို့ထည့်ပါ။ တချို့တွေကတော့ ဆီသတ်တဲ့ နေရာမှာတင် အုန်းနို့တစ်ဝက် ထည့်ပြီး သတ်ပါတယ်။ အပေါ့အငံ လိုသလို မြည်းပြီး ထည့်ပါ။ အသားတွေရော အရောတွေပါ နူးလာပြီဆိုရင် အုန်းနို့ကလည်း အဆီတက်လာပါပြီ။ ကဲ ဒါဆို ရပါပြီ။

တွဲဖက်စားလို့ ရတာတွေကတော့ ပဲသွေး၊ ပဲကြော်၊ ငါးဖယ်ကြော်၊ အိုးဘဲဥ၊ တခြားအကြော်စုံနဲ့ တချို့ကတော့ ဟင်းရည်အိုးထဲမှာ ကြက်ခြေထောက်၊ ခေါင်းတို့ကို ထည့်ချက်ပြီး စားကြပါတယ်။ ဟင်းရည်ရဲ့ အဆီအနှစ်တွေနဲ့ ထိတွေ့ထားတဲ့ ကြက်ရိုးတွေဟာ ကိုက်လို့အကောင်းဆုံးပါပဲ။ ဘဲဥအပြုတ်လေးကို စိပ်ပြီးလည်း ထည့်စားကြပါတယ်။ အုန်းနို့ဖြစ်တဲ့ အတွက် နံနံပင်တော့ ထည့်မစားတာ ကောင်းပါတယ်။ ပိုပြီး သွေးတက်စေလို့ပါ။

တချို့က ကြက်သွန်မြိတ်ထည့်စားပါတယ်။ မုန့်ကြွပ်အဝါကြော် ကြိုက်သူတွေကတော့ ထည့်စားနိုင်ပြီး စိမ့်တဲ့ အရဿပိုရပါတယ်။ မုန့်ကြွပ်ကြော်ထုပ်တွေ မရနိုင်တဲ့ နေရာတွေမှာ ဆန်ပြားခေါက်ဆွဲကို ကြော်စားနိုင်ပါတယ်။ မုန့်ကြွပ်အရဿအတိုင်း စားလို့ရပါတယ်။ မုန့်ပွဲပြင် စားတဲ့အခါ သံပုရာသီး အရည်ညှစ်ပြီး စားရင် ပိုမွှေးပြီး သွေးတက်စေမယ့် အန္တာရာယ်ကလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကြက်သွန်စိမ်းကို ခပ်ပါးပါး လှီးထည့်ပြီးလည်း စားနိုင်ပါတယ်။

တချို့ကတော့ ကော်ဖီလေးပါ ထည့်စားကြတယ်။ အခုလို နွေရာသီမှာတော့ အုန်းနို့ခေါက်ဆွဲ စားမယ်ဆိုရင် စဉ်းစားသင့်ပါတယ်။ အရမ်းစားချင်လို့ စားမယ်ဆိုရင်တောင် အုန်းနို့အစား နို့စိမ်းကိုပဲ ထည့်ချက်စားဖို့ အကြံပြုပါရစေ။

Photo Credit: Myanmar-kitchen