ဟင်းအဆီအနှစ်တွေနဲ့ စားရတာကို ငြီးငွေ့လာပြီဆိုသူများအတွက် ယခုဖော်ပြပေးမယ့် ကြက်ချိုချဉ်ကြော်က အကောင်းဆုံးပဲနော်။ ချိုချိုချဉ်ချဉ်အရသာလေးဆိုတော့ လူကြီးတွေရော၊ ကလေးတွေပါ အလွန်ကို သဘောကျနှစ်သက်မယ့် ဟင်းလျာလေးဖြစ်လို့ တသီးတသန့်ကို နောက်တစ်မျိုးချက်နေစရာမလိုတော့ဘူးပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား – ၁၅ ကျပ်သား
  • ကြက်ဥ – ၁လုံး
  • ကြက်သွန်နီ – ၁လုံး
  • ပန်းငရုတ်ပွ – ၁လုံး
  • ဥနီ (သို့) ခရမ်းချဉ်သီး – ၁လုံး
  • နာနာတ်သီး – ၁ စိတ်
  • ချင်းအမျှင် – အနည်းငယ်
  • ကြက်သွန်မြိတ် – ၃ ပင်ခန့်
  • ချိုချဉ်ဆော့စ်ရည် – ၅ဇွန်း

ပြုလုပ်နည်း

  1. ကြက်သားကို အနေတော် အတုံးလေးတွေ တုံးပြီး အရသာ အနည်းငယ်နယ်ပါ ။ ကြက်သွန်နီကို  လေးစိတ် ခွဲပြီး အလွှာတွေကို ဖွင့်ထုတ်ပြီး ခွာပါ ။
  2. အခြား အသီးအနှံ တွေကို ကြက်သွန်နီ အရွယ် ပမာဏလောက် လှီးထားပါ ။ ကြက်သွန်မြိတ်ကို ၁ လက္မ အရွယ် ပိုင်းဖြတ်ပါ ။ အရသာ နယ်ထားတဲ့ ကြက်သားကို ကြေအောင် ခေါက်ထားတဲ့ ကြက်ဥ အရည်ထဲ နစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ ။
  3. ဆီပူပူမှာ ရွှေရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ ။ အခြား သန့်တဲ့ ဒယ်အိုး တစ်လုံးကို ဆီအနည်းငယ်ဖြင့် အပူပေးပါ ။
  4. ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေ ထည့်ကြော်ပါ ။ အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပေးပါ။
  5. ချိုချဉ် ဆော့စ်ရည် လောင်းထည့်ပါ ။ ကြက်သွန်မြိတ်လေး ဖြူးပေးပါ ။

ချိုချဉ်ဆော့စ်ရည် လုပ်နည်းလေး

  • ခရမ်းချဉ်သီးဆော့စ် – ၃ ဇွန်း
  • သကြား – ၂ ဇွန်း
  • သဘာဝနာနတ်သီးအရည် – ၃ဇွန်း
  • ပဲငံပြာရည် – ၁ ဇွန်း
  • သံပုရာရည် – ဇွန်းဝက်
  • ဆား – အနည်းငယ်
  • အထက်ပါ ပါဝင် ပစ္စည်း အားလုံးကို ရောပြီး ဆော့စ်ရည် အဖြစ်ကျိုထားပါ။

Credit: ဟင်းချက်နည်းများ