ဒန့်ဒလွန်သီးတွေ ပေါ်ကနဲ က စားခြင်ပေမဲ့ မစားရသေးဘူး။ ချစ်သူငယ်ချင်း BFF က အိမ်ကို အလည်လာရင်းနဲ့ ဒန့်ဒလွန်သီးတွေ ယူလာပေးတော့ ထီပေါက်သလို ခံစားရပြီး ၀မ်းသာအားရနဲ့ အိမ်မှာရှိတဲ့ ငါးပုတ်ခြောက်အသားနဲ့ ကြက်ဥနဲ့ပဲ ဒန့်ဒလွန်သီး နှင့် ငါးပုတ်ခြောက်၊ ကြက်ဥ ချဉ်ရည် ချက်စားပစ်လိုက်တယ်။ အမှန်တော့ ဘဲဥနဲ့ ငါးခြောက်ရိုးနဲ့ ချက်တာကို ပိုနှစ်သက်ပေမဲ့ ဝယ်ရမဲ့အထိ မစောင့်နိုင်တော့ဘူး။ ကမန်းကတန်း ချဉ်ရည်လေးချက်ပြီး ငရုတ်သီးလေးကို အမြန်ကြော်ပြီး အိမ်မှာရှိတဲ့ ညီအမတွေ စားလိုက်ကြတာ ခေါင်းတောင် မဖေါ်နိုင်တော့ဘူး။ ၀မ်းသာအားရနဲ့ စားလိုက်ကြတဲ့ ဒီဟင်းလေးကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်နော်။ ချက်လွယ် စားကောင်းဟင်းတခွက်ပေါ့။
ပါဝင်ပစ္စည်းများ
- ဒန့်ဒလွန်သီး – ၂၀ တောင့်
- ကြက်ဥ – ၁၀ လုံး
- ငါးပုတ်ခြောက် – ၅ ကျပ်သားခန့် ( အတုံးသေး)
- Shishamo (ဂျပန်ငါးဥငါး) – ၁၀ ကောင်း
- ခရမ်းချဉ်သီး – ၄ လုံး
- ပျဉ်တော်သိမ်ရွက်
- မကျီးသီးမှည့် – အနည်းငယ်
- ကြက်သွန်နီ – ၅ လုံး
- ကြက်သွန်ဖြူ – ၆ မွှာ (အလုံးကြီး)
- ငရုတ်သီးမှုန့် – အနည်းငယ်
- ဆား
- ဆနွင်း – အနည်းငယ်
- ဆီ – ၅ ကျပ်သား ခန့်
- နံနံပင်
- ငရုတ်သီးစိမ်း – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
ဒန့်ဒလွန်သီးကို အပေါ်ယံ အမျှင်လေးများ ခွာပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကို အထဲက အစေ့များထုတ်ပြီး မထူးမပါး စိတ်ထားပါ။ ကြက်ဥကိုလည် ပြုတ်၍ အခွံခွာ ထက်ခြမ်းခြမ်းထားပါ။ ငါးပုတ်ခြောက်ကို အတုံးလေးများ တုံးပြီး ရေစိမ်ထားပါ။ Shishamo (ဂျပန်ငါးဥငါး) ကို ရေဆေးထားပါ။ မကျီးသီးမှည့်ကို ရေဆေးပြိး ရေနွေနှင့် စိမ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့် အနည်းငယ်တို့ကို ထောင်းပြီး၊ ဆား၊ ဆနွင်း အနည်းငယ်၊ ပျဉ်တော်သိမ်ရွက် ထည့်ရ်ျ ဆီသတ်ပါ။ ကြက်သွန်များ အနည်းငယ် နွမ်းလာလျှင် ခရမ်းချဉ်သီးကို ထည့်ပါ။
ခရမ်းချဉ်သီး နွမ်းပြီး အနှစ်ဖြစ်လာပါကငါးပုတ်ခြောက် အတုံးလေးများကို ထည့်ပါ။ (ငါးပုတ်ခြောက်အရိုး သို့မဟုတ် ငါးခြောက်အရိုးရှိလျင် အရိုးကို သုံးတာက ပို၍ ကောင်းပါသည်။ ငါးခြောက်အရိုး အစဉ်သင့်မရှိ၍ ငါးပုတ်ခြောက် အသားကိုတုံး၍ ချက်ထားပါသည်။) ပြီးလျင် ရေနွေးတခွက်နှင့် ဒန့်ဒလွန်သီးကို ထည့်၍ အဖုံးအုပ်ထားပါ။
ဒန့်ဒလွန်သီးများ နူးခါနီးလျှင် မကျီးရည်ထည့်ပြီး မွှေပြီးလျင် ထက်ခြမ်းခြမ်းထားသော ကြက်ဥပြုတ်များကို ထည့်ပြီး အဖုံးအုပ်ထားပါ။
ဟင်းအိုး မီးဖိုပေါ် ချခါနီးမှ အရသာကို အပေါ့အငန် မြည်းပြီးလျင် အင်မတန် နူးလွယ်သော Shishamo (ဂျပန်ငါးဥငါး) ကိုထည့်၍ နံနံပင် နှင့် ငရုတ်သီးစိမ်း အုပ်ရ်ျ မီးဖိုပေါ်မှ ချပါ။ အိုးအဖုံးကို ၁၅မိနစ်ခန့် မဖွင့်ပါနှင့်၊ Shishamo (ဂျပန်ငါးဥငါး) များ အိုးအပူအငွေ့ နှင့် ကျက်သွားမည် ဖြစ်ပါသည်။ ***(အချို့က ဒန့်သလွန်သီး ကြက်ဥချဉ်ရည်ဟင်းတွင် မဆလာအနည်းငယ်ကိုလည်း အုပ်ရ်ျစားတတ်ပါသည်။)
Credit: ဒန့်သလွန်သီးပေးတဲ့ BFFကို ကျေးဇူးတင်ပါတယ်။
MyFood Myanmar