သင်္ဘောသီးဆိုရင်တော့ အစိမ်းကြိုက်တဲ့လူ ရှိသလို အမှည့်မှ စားတဲ့လူတွေလည်း ရှိပါတယ်။ အစိမ်းနဲ့ အမှည့်မှာ ဘယ်ဟာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်လဲဆိုတာတော့ သိပ်ဖြေလို့ မရနိုင်ပါဘူး။
မိုးတွင်းမှာ ပေါတဲ့ အသီးတွေထဲမှာတော့ သင်္ဘောသီးပါတာကတော့ ကျိန်းသေပါ။ ဒါပေမယ့် အစိမ်းပိုပေါပါတယ်။ မြန်မာပြည်မှာတော့ သင်္ဘောသီး အစိမ်းကို စားလို့ရတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ သုပ်စားတာပါ။
မြန်မာပြည်မှာတော့ နေရာအနှံ့အပြားမှာ ပေါက်ရောက်တဲ့ အပင်ပါ။ အဖိုပင်နဲ့ အမပင် ဆိုပြီး ရှိပါတယ်။ အဖိုတစ်ပင်နဲ့ အမ ဆယ်ပင်ဆိုရင် လုံလောက်ပါတယ်။ သင်္ဘောသီးသုပ်ကတော့ ပုံစံမျိုးစုံနဲ့ စားကြပါတယ်။ မြန်မာသုပ်၊ တောသုပ်၊ ရှမ်းသုပ်၊ ရခိုင်သုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း အစရှိသဖြင့် နည်းတွေကတော့ စုံလှပါတယ်။ ကြိုက်နှစ်သက်တွေလည်း အတော်များပါတယ်။
သင်္ဘောသီးစိမ်းနဲ့ သင်္ဘောသီးမှည့်မှာ သူ့နေရာနဲ့သူတော့ ကျန်းမာရေး အထောက်အကူတွေ ပြုနေပါတယ်။
သင်္ဘောသီးမှည့်မှာ Antioxidant ပါဝင်မှု များပြီး ဗီတာမင်တွေ ပါဝင်ပါတယ်။ သင်္ဘောသီးစိမ်းကတော့ သူ့ထက်ပိုပြီး အစာခြေအင်ဇိုင်းတွေ ပါဝင်ပါတယ်။ Papain ဓာတ်တွေဟာ ပရိုတင်းတွေကိုတောင် ချေဖျက်နိုင်တဲ့ အစွမ်း ရှိတာမို့ အစာအိမ်ကို ကောင်းကောင်း အထောက်အကူ ပြုပါတယ်။
သင်္ဘောသီးသုပ်ဟာ အမျိုးအစားပေါ် မူတည်ပြီး ပါဝင်တဲ့ ပစ္စည်းတွေ ကွဲပြားသွားပါတယ်။
ဒီရာသီကတော့ မန်ကျည်းသီးစိမ်းပေါ်တဲ့ ရာသီမို့ သင်္ဘောသီးကို မန်ကျည်းသီးစိမ်းလေးနဲ့ သုပ်စားတာ ခံတွင်းတွေ့စေမှာပါ။
ပါဝင်တဲ့ ပစ္စည်းတွေကတော့
- သင်္ဘောသီးစိမ်း
- မန်ကျည်းသီးစိမ်း
- ငရုတ်သီးစိမ်း
- ရှမ်းနံနံပင်
- ငါးပိကင်ပြီးသား ဒါမှမဟုတ် ငါးပိထောင်းဘူးကို သုံးလည်း ရပါတယ်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
သင်္ဘောသီးကို အခွံနွှာပြီး ခြစ်ထားပါ။ ရေခဲရေအေးအေးလေးနဲ့ စိမ်ထားရင် ပိုကောင်းပါတယ်။
ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူကို ထောင်းထားပါ။ မန်ကျည်းသီးကိုလည်း မညက်တညက်လေး ထောင်းပါ။ ကြက်သွန်နီကို ပါးပါး လှီးထားပါ။ငရုတ်သီးကို လှော်ပြီးမှ ထောင်းပါ။ ဗိုက်မနာစေဖို့ပါ။
အားလုံးရပြီဆိုရင် ရေစိမ်ထားတဲ့ သင်္ဘောသီးတွေကို ဆယ်ပြီး ထောင်းထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ နယ်ပါ။
ဟင်းချိုမှုန့်နဲ့ ငံပြာရည် နည်းနည်း ထည့်ပြီး နယ်လိုက်ပါ။ အားလုံးပြီးရင် ရှမ်းနံနံကို ပါးပါးလှီးပြီး ဖြူးလိုက်ပါ။ ချဉ်ငံစပ်ပြီး အနံ့သင်းတဲ့ သင်္ဘောသီးသုပ်ကို ရပါပြီ။
Photo: mogaungthu