တစ်ရက်တစ်လေတော့ ပုံမှန်စားနေကြ ကြက်သားဟင်း၊ ဝက်သားဟင်းတွေကိုပဲ ချက်မနေပဲ ဆန်းဆန်းပြားပြားလေးနဲ့ အရသာကလည်းရှယ်ကောင်းတဲ့ ဟင်းလျာလေးတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။ ဆန်းပြားတဲ့ချက်နည်းလေးတွေနဲ့ ပိတ်ရက်မှာပဲဖြစ်ဖြစ် ကိုယ်မိသားစု၊ သူငယ်ချင်းတွေနဲ့ ချက်ပြုတ်စားသောက်မယ်ဆိုရင်လည်း အရမ်းလည်းအလုပ်မရှုပ်ပဲ ပုံမှန်တိုင်းပဲချက်ရမယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်။

ဒီဟင်းလျာအတွက်လိုအပ်မယ့် ပစ္စည်းတွေကတော့ ကြက်သားပါမယ်၊ ကြက်ဥ၊ အကြော်မှုန့်၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ချင်း၊ ပျားရည်၊ သကြားအညိုရောင်၊ ကြက်သွန်မြိတ်၊ ရေ ပြီးတော့ ကြက်သားလေးကိုပိုပြီးတော့ အရသာရှိသွားစေဖို့အတွက် အရသာမှုန့်တို့လိုအပ်ပါတယ်။

ကဲ.. နည်းလမ်းလေးကိုစပြီးတော့ ပြောပြပေးပါတော့မယ်နော်။ အရိုးမပါတော့တဲ့ ကြက်သားကိုအတုံးလေးတွေတုံးပေးပြီး ဇလုံကြီးကြီးတစ်ခုထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင်တော့ မွှေထားပြီးသားကြက်ဥကိုရောထည့်ပြီး ကြက်သားတွေကိုနယ်လိုက်ပါ။ အရသာမှုန့်လည်း ထည့်ပေးဖို့တော့မမေ့နဲ့နော်။ ပြီးသွားရင်တော့ ဟင်းချက်တဲ့အခါမှာ ထည့်ဖို့အတွက်အနှစ်ကိုလုပ်တဲ့အခါမှာ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြားအညိုရောင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ထောင်းထားပြီးသား ကြက်သွန်၊ ချင်း၊ ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရေအနည်းငယ်ကို ရောစပ်ပြီး ထားထားလိုက်ပါ။

ချက်ပြုတ်ရမယ့်အဆင့်မှာတော့ ဒယ်အိုးထဲကို သံလွင်ဆီထည့်ပြီး ကြက်သားတွေကို ကျက်အောင်ကြော်ပေးရမှာပါ။ ကြက်သားတွေ ကျက်သွားပြီဆိုရင်တော့ ခုနကရောစပ်ထားတဲ့ အနှစ်တွေကိုရောထည့်ပြီးတော့ ချက်ပေးလိုက်ပါ။ ၅ မိနစ်လောက်မွှေပြီး ကျက်သွားတဲ့အချိန်မှာတော့ မွှေးပျံ့ပျံ့ရနံ့လေးက စားချင်စိတ်ကိုထိန်းလို့မရအောင်ကို စွဲဆောင်နေပါလိမ့်မယ်။

ဟင်းတွေအားလုံးကျက်သွားပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးကို ဟင်းအပေါ်မှာဖြူးပြီးတော့ စားသုံးပေးမယ်ဆိုရင်တော့ မွှေးကြိုင်တဲ့ရနံ့လေးတွေကြောင့် ပိုပြီးတော့ စားလို့ကောင်းသွားစေမှာပါ။ ဒီချက်နည်းလေးကဆိုရင် အချိန်ကုန်တာလည်းသိပ်မရှိဘူး၊ ပြင်ဆင်ရတာလည်းသိပ်ပြီးတော့ မကြာတဲ့အတွက်ကြောင့် မိသားစုထမင်းဝိုင်းအတွက် တစ်ခါတစ်လေ ချက်ပြုတ်စားသင့်တဲ့ ဟင်းလျာလေးပါနော်။

Photo Source: Pinterest