ဓာတုပစ္စည်းများနဲ့ တာရှည်ခံအစားအစာများ လုံးဝမပါဝင်တဲ့ တို့စရာအချဉ်တစ်မျိုးမျိုး လုပ်စားချင်တယ်ဆိုရင်တော့ အသင့်စားရယ်ဒီမိတ်အစားအစာများ ဝယ်စားတာထက် မိမိအိမ်မှာ လုပ်စားခြင်းကသာ အကောင်းဆုံးပါ။

ဒီတစ်ခါမှာတော့ ကျန်းမာရေးအတွက် အဖက်ဖက်က အထောက်အပံ့ပေးနေတဲ့ ကြက်သွန်ဖြူကို တို့စရာ ကြက်သွန်ချဉ်အဖြစ် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ ပေါင် (၈ ဥ သို့မဟုတ် ၉ ဥခန့်)
  • ရှာလကာရည် ၁၅၀ မီလီလီတာ
  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂ လီတာခွဲ
  • ပဲငံပြာရည် ၈၀ မီလီလီတာ

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဖန်ပုလင်း ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြွှာများကို ကြက်သွန်ဥမှ ခွာပြီးနောက် ရေနွေးပူထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ပါက အခွံခွာပြီးနောက် ထိပ်ပိုင်းကို ဓားဖြင့် လှီးထားလိုက်ပါ။ ထို့နောက် သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲတွင် ထည့်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ရှာလကာရည် ၈၀ မီလီလီတာ၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ ၁ လီတာကျော်ခန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ရရှိလာတဲ့ဆော့စ်အရည်ကို ကြက်သွန်ဖြူထဲ လောင်းထည့်လိုက်ပါ။ ကြက်သွန်ဖြူများ မြှုပ်သွားသည်အထိ လောင်းထည့်ပေးရပါမယ်။ ထို့နောက် အဖုံးပိတ်ကာ အခန်းအပူချိန်ထဲတွင် ၅ ရက်၊ ၇ ရက်ခန့် ထားထားလိုက်ပါ။ (ရေခဲသေတ္တာထဲ ထည့်ရန် မလိုအပ်ပါ။)

၃။ ရက်စေ့ပါက ဒယ်အိုးတစ်လုံးကို အပူပေးပြီး ပဲငံပြာရည် ၈ မီလီလီတာ၊ ကျန်ရှိနေသော ရှာလကာရည်၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ရေ ၁ လီတာကျော်ကျော်တို့ကို ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ထို့နောက် အအေးခံထားလိုက်ပါ။ ဖန်ပုလင်းထဲက ဆော့စ်အရည်များကို သွန်ထုတ်လိုက်ပါ။

၄။ ထို့နောက် စောစောကအအေးခံထားသော ဆော့စ်အရည်များကို ကြက်သွန်ဖြူများ မြှုုပ်သွားသည်အထိ ထည့်ပေးလိုက်ပါ။ အဖုံးလုံအောင် ပိတ်ထားပြီးနောက်မှာ အခန်းအပူချိန်ထဲတွင်ပင် ၂ ပတ်ကြာအောင် ထားထားရပါမယ်။

ရက်စေ့သွားတဲ့အခါမှာတော့ တို့စရာအဖြစ် စားသုံးနိုင်တဲ့ ကြက်သွန်ချဉ်လေး ရရှိသွားပါပြီ။ ထိုကြက်သွန်ချဉ်ကို ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားမယ်ဆိုရင် လအတော်ကြာသည်အထိ အထားခံပါတယ်။

Source: Koreanbapsang.com