ပါဝင်ပစ္စည်များ

  • နန်းကြီးမုန့်ဖတ် – ၅၀သား
  • ကြက်ကြိတ်သား/ကြက်အသားတုံးသေးသေး – ၂၀ကျပ်သား
  • ကြက်အရိုး လည်ချောင်း – ၁၀ကျပ်သား
  • ကြက်သွန်ဖြူ – ၂လုံး၊ ကြက်သွန်နီ – ၃လုံး
  • ဂျင်း – အနဲငယ်၊ ဆနွင်း

  • အရောင်တင်မှုန့်- အနည်းငယ်
  • ကြက်သွန်မြိတ်၊ နံနံပင်၊ ရွှေပဲညွန့်/ဆလပ်
  • လက်ပံပွင့်၊ ခရမ်းချဉ်သီး – ၆လုံး၊ ပဲပုပ် – ၁ ချပ်
  • ငရုတ်သီးဆီကြော်၊ နှမ်းထောင်း၊ ဘဲသွေး

ပြုလုပ်နည်း

ဆီ အနည်းငယ် အပူပေးပြီး ပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဆနွင်း အနည်းငယ်နှင့် ဆီသတ်ပါ။ မွှေးလာမှ အရောင်တင်မှုန့်ထည့် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်မွှေပါ။ ခရမ်းချဉ်သီး ဆီပြန်လာမှ အသားနဲ့ အရိုးတွေ ထည့်မွှေပေးပါ။

အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်ထည့် ပဲပုပ် မီးကင် တစ်ချပ်ကို ဖဲ့ထည့်ပါ။ အသားမှာ ပါတဲ့ ရေခမ်းမှ ဟင်းရည်အတွက် ရေထည့်ပါ။ အရည် ပွက်ပွက်ဆူပြီး အသားနူးပြီး အရိုးထဲက အချိူရည် ထွက်ပြီဆိုရင် ပြုတ်ထားတဲ့ ဘဲသွေး ညှပ်ထည့်ပါ။

ဒါက ခရမ်းချဉ်သီးနဲ့ ထည့်ချက်စားတဲ့ ကျိူင်းတုံခေါက်ဆင့်ပါ။

***မေမေပြောပြတဲ့ ခေါက်ဆင့်ဆန် ဆိုတာက ခရမ်းချဉ်သီး မပါဘဲ အပေါ့ချက်ရင် ဝက်သားစားတဲ့ သူတွေက ဝက်အူချို ကြော်နဲ့ ထည့်စားကြတယ် ပြောပါတယ်။

ဟင်းရည်ရပြီဆိုရင် မြေအိုးထဲ တစ်ပွဲစာ ဟင်းရည် ခပ်ထည့် မီးအပူပေးပါ။ ပွက်ပွက်ဆူလာရင် နန်းကြီးမုန့်ဖတ်ထည့်၊ ရွှေပဲညွန့် ပါးပါးလှီး၊ ကြက်သွန်မြိတ် နှမ်းထောင်းဖြူး၊ ငြုတ်သီး ဆီကြော်ထည့်၊ လက်ပံပွင့် ထည့်ပြီး အိုးအဖုံးခနအုပ် သုံးမိနစ်လောက်နေရင် မီးပိတ်ပြီး ပူပူလေး သုံးဆောင်နိုင်ပါပြီ။

မုန့်တီခြောက် ရေစိမ်ထားတာနဲ့ အသုံးပြုမယ် ဆိုရင်တော့ မြေအိုး မြီးရှည်လိုပဲ၊ ဟင်းရည်နဲ့ တစ်ပါတည်း အတူ မြေအိုးထဲထည့် ပြုတ်စားနိုင်ပါတယ်။

Credit: Nang Nwe