အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားဟင်းမဟုတ်ဘဲ အသီးအရွက်ဟင်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကြီးတွေအမားစုကြိုက်နှစ်သက်တဲ့ ကြောင်လျှာသီးလေးကို နှပ်ပြီး ချက်စားကြရအောင်နော်။ တစ်မျိုးလေးပြောင်းစားတော့ ခံတွင်းမြိန်တာပေါ့။ အသားတွေကို ညည်းငွေ့နေသူများအတွက်လည်း သင့်တော်မှာပါ။
ပါဝင်ပစ္စည်းများ
- ကြောင်လျှာသီး – ၂ တောင့်
- မျှင်ငါးပိ – အနည်းငယ်
- ကြက်သွန်ဖြူ – ၅ မြွှာ
- ကြက်သွန်နီ – ၄ လုံး
- ပုစွန်ခြောက်မှုန့် – ၂ ဇွန်း
- အရောင်တင်မှုန့် – အနည်းငယ်
- ဆီ – အနည်းငယ်
ပြင်ဆင်ပုံ
- ရေဆေးသန့်စင်ထားတဲ့ ကြောင်လျှာသီးကို လက်တစ်လုံးသာသာစီ အပိုင်းလေးတွေ ပိုင်းဖြတ်ပါ။
- ပြီးတဲ့အခါ ဆားအနည်းငယ်နဲ့ ပွတ်ဆေးပြီး ရေစစ်ထားပါ။
- ဆီအိုးတည်ပြီး ကြက်သွန်ဖြူ ၊ နီနဲ့ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပါ။ ခဏကြာမှ ငါးပိထည့်မွှေပါ။ ငါးပိနှံ့ပြီးဆိုရင် ပုစွန်ခြောက်မှုန့် ထည့်ပါ။
- လိုအပ်တဲ့အရသာအတွက် ငံပြာရည်နဲ့ ဟင်းခတ်မှုန့်အနည်းငယ် ထည့်ပါ။ စိတ်ကြိုက် အနှစ်အနေအထား ရပြီဆိုရင် ကြောင်လျှာသီးထည့်မွှေပါ။
- ရေအနည်းငယ် ထည့်ပြီး ခဏ အုပ်ထားပေးပါ ။ ရေခန်းပြီး ဆီပြန်ပြီဆိုရင် အရသာရှိတဲ့ ကြောင်လျှာသီးနှပ်ကို ချက်စားလို့ ရပါပြီ။
Credit: ဗေဒါရီ