မုန့်စိမ်းပေါင်းဆိုတာ မြန်မာ့ရိုးရာ မုန့်တစ်မျိုးဖြစ်ပြီး ကလေးလူကြီးမရွေး ကြိုက်နှစ်က်လှတဲ့ မုန့်တစ်မျိုးဆိုရင် မမှားပါဘူး။ ဆန်နဲ့ လုပ်တဲ့ မုန့်ဖြစ်ပြီး မနက်စာ အဖြစ်စားကြသလို သရေစာ အဖြစ်လည်း စားကြပါတယ်။ အိမ်မှာ ကိုယ်တိုင် လုပ်စားကြတာ သိပ်မရှိလှတဲ့ မုန့်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဈေးမှာတော့ ဈေးချိုချိုနဲ့ ဝယ်လို့ ရပါတယ်။
ငယ်ငယ်က အဘွားတွေ အဘိုးတွေ ပြောပြဖူးတာကတော့ စစ်တွေ ဖြစ်တုန်းကဆို မုန့်စိမ်းပေါင်းကို အမြဲ ဆောင်ထားရတယ်။ အရေးအကြောင်းဆိုရင် အထုပ်လေးနဲ့ ထုပ်ယူသွားပြီး ကြာကြာခံ၊ အစာလည်းခံတဲ့ အတွက် စစ်အတွင်းက အဆင်ပြေတယ်လို့ ပြောပြဖူးပါတယ်။
မုန့်စိမ်းပေါင်းကို အိမ်မှာ လုပ်စားတဲ့အခါ အနည်းငယ်တော့ ရှုပ်ထွေးပါလိမ့်မယ်။ ပထမဦးဆုံး ငစိန်ဆန် တစ်ပြည်ကို ရေဆေးပြီး ကြိတ်ဆုံမှာ ကြိတ်ရပါမယ်။ ရလာတဲ့ မုန့်အရည်ကို အဝတ် သန့်သန့်နဲ့လုပ်ထားတဲ့ အိတ်နဲ့ စစ်ထားပါ။ ရေစစ်သွားတဲ့ အခါ မုန့်နှစ်တွေ ကျန်ပါလိမ့်မယ် အလုံးလိုက် ပေါင်းပေးပါ။ မုန့်သား အနည်းငယ် ကျတ်သွားရင်တော့ မုန့်လုံးကို ဆုံမှာ ထည့်ထောင်းပါ။ မုန့်အမှုန့်တွေကို အခဲတွေ မပါအောင် ဆန်ခါနဲ့ ပြန်ခါချပါ။ အဖြူသားအတွက် မုန့်အချိုကို ချန်ထားပြီး ကျန်တဲ့ မုန့်သားတွေကို ပေါက်စေးကျအောင် ကြိုထားတဲ့ ထန်းလျက်ရည်နဲ့ နှံ့အောင် ရောနယ်ပါ။ ထန်းလျက် ၅၀ ကျပ်သားလောက် ကြိုထားရင် ရပါပြီ။
အဖြူသားအတွက် ချန်ထားတဲ့ မုန့်တွေကို အုန်းနို့ပျစ်ပျစ် သကြားနည်းနည်းရောထည့်ပြီး နယ်ထားပါ။ အချို့ကလည်း ပဲလွန်းထည့်ပါတယ်။ ဆိမ့်ပြီးစားလို့ ကောင်းစေပါတယ်။ မုန့်စိမ်းပေါင်း အိုးကတော့ မြေအိုးဖြစ်ရပါမယ်။ မြေပေါင်းအိုးမှာ ကပ်ပြားခံပြီး ပိတ်ပါးကို ခင်းပါ။ ထန်းလျက်နဲ့နယ်ထားတဲ့ မုန့်သားကို ဆန်ခါချပြီး ခင်းထည့်ပါ။ အပေါ်မှာတစ်ထပ်အုပ်ဖို့ ချန်ရပါတယ်။ထန်းလျက်နဲ့ မုန့်သားထည့်ပြီးရင် အပေါ်ကနေ မုန့်သားအဖြူတွေ ထည့်ပါ။ အဖြူသားပေါ်ကနေ ချန်ထားတဲ့ ထန်းလျက်နယ်ထားတဲ့ မုန့်သားတစ်ထပ် ထပ်ထည့်ပါ။ ပြီးရင်စပေါင်းလို့ ရပါပြီ။ စားတဲ့အခါ အုန်းသီးလေးဖြူးစားလို့ ရပါတယ်။ ကော်ဖီနဲ့ သောက်သောက် ရေနွေးကြမ်းနဲ့ သောက်သောက် အရသာ ရှိတဲ့ မြန်မာမုန့်တွေကို အားပေးကြပါစို့။