မြန်မာလူမျိုး အများစုဟာ ငပိ မပါရင် ထမင်းစားမမြိန်ဘူးဆိုတဲ့ လူတွေပါ။ ငပိရည်နဲ့ တို့စရာ ကောင်းရင် အသားဟင်းတောင် မလိုဘူးဆိုတဲ့ လူတွေလည်း ရှိကြပါသေးတယ်။ ကျေးဇူးမတင် ထမင်းဝင်ဆိုတဲ့ စာချိုးဟာ ငပိရည်ရဲ့ ဂုဏ်ကိုပိုပြီး ပေါ်လွင်စေပါတယ်။ ကျွန်မကတော့ အိမ်မှာ အခြားဘာဟင်းချက်ချက် ငပိရည်တစ်ခွက်တော့ ပါအောင် ပြင်ဆင်ထားပါတယ်။ သူမပါရင် ထမင်းဝိုင်းဟာ မပြည့်စုံသလို ခံစားနေရတတ်လို့ပါ။
ငပိရည်ကို ကြိုက်နှစ်သက်သူတွေ အတွက် ဆောင်းပါးရှင် ထက်ထက်ဇော်ရဲ့ ဆေးဖက်ဝင်အောင် ငပိရည်ဖျော်နည်းလေးကို ပြန်ပြီး ထုတ်နုတ်မျှဝေပေးလိုက်ပါတယ်။ ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ့ အပုပ်ခံလုပ် ထားတာမို့လည်း ငပိရည်က စား လို့တော့ကောင်းပါရဲ့ အငန်ဓာတ်ကဲနေပါတယ်။
ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ဝက်ခြံပေါက်သူများက ထမင်းဝိုင်းမှာ ငပိရည်ရနံ့မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို့သော် အထက်မှာဖော်ပြထားသလို သဘာဝနည်းနဲ့ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍ သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့်ကိုထဲ့၍ ကြိုပေးရမှာပါ။
ဘာကြောင့်လဲဆိုရင် နနွင်းမှုန့်က အညှီအဟောက်များကို လွန်စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ့နှင့်အရသာကိုပါ ပိုကောင်းစေနိုင်လို့ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့် စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည်” ရပါပြီ။ အစပ်ကြိုက်သူများက ငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည် ရနံ့ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
ငရုပ်သီးအကျက်မှုန့်ကိုမှ ကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို့ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက် အချိုမှုန့် မထဲ့သင့်ပါဘူး၊ အချိုမှုန့်အစား ပုစွန်ခြောက်မှုန့်အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို့မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည် ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။ သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ် အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။
တို့စရာအ တွက်ကတော့ ဘူးသီးပုတ်လေးကို ပြုတ်ထားပါတယ်။ ကန်စွန်းရွက်ကို မန်ကျည်းသီးအနှစ်လေးနဲ့ပြုတ်ပြီး ဂွေးတောက်ရွက်၊ မုန်ညှင်းဖူး၊ ပဲစောင်းလျားသီး၊ ပဲပင်ပေါက်လေးတွေကိုလည်း ပြုတ်ထားပါတယ်။ နံနံပင်နဲ့ သရက်သီး အစိမ်းလေးတွေကိုတော့ ဒီအတိုင်း တို့ပြီး မြုပ်စားလို့ရအောင် ပြင်ထားလိုက်ပါတယ်။ ကဲ ဒီလို ငပိရည်နဲ့ တို့စရာမှ ထမင်းမမြိန်ရင် ဘယ်ဟင်းနဲ့မှ မြိန်မှာ မဟုတ်တော့ဘူး။