မြန်မာတွေ နှစ်သက်တဲ့ အစားအစာထဲမှာ ပုန်းရည်ကြီးလည်း အပါအ၀င်ပါပဲ။ ပုန်းရည်ကြီးဟာ မြန်မာ့တွေရဲ့ အသည်းနှလုံးလို့ ခေါ်တွင်တဲ့ ပုဂံကနေ အပြန်လက်ဆောင် ပေးမယ်ဆိုရင် အကောင်းဆုံး လက်ဆောင်အဖြစ် ပေးကြပါတယ်။ ပုဂံ၊ ညောင်ဦးနဲ့ အထက်အညာဘက်ကနေ အဓိက ထွက်တဲ့ အစားအစာပါ။

ပုန်းရည်ကြီးကို ရန်ကုန်မှာတော့ အခြောက်ထုပ်လေးတွေနဲ့ ရောင်းကြတာများပါတယ်။ အမှုန့်ထုပ်လည်း ရှိသလို အစိုထုပ်လေးတွေလည်း ရှိပါတယ်။ တစ်ချို့နယ်တွေမှာတော့ ပုန်းရည်ကြီးကို အစို ရောင်းပါတယ်။ အစိုဆိုတာ အထုပ်နဲ့ မဟုတ်ဘဲ ဒီအတိုင်း လက်လုပ် ပုန်းရည်ကြီးပါ။ ဈေးထဲမှာ အလေးချိန်နဲ့ ရောင်းလေ့ ရှိပြီး ခေါင်းရွက်ဗန်းသည်တွေကလည်း လမ်းတွေမှာ လိုက်ရောင်းတာ တွေ့ရတတ်ပါတယ်။

poneyaykyi

ပုန်းရည်ကြီးကို သူ့အတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီတို့နဲ့ သုပ်စားရင်လည်း ကောင်းသလို တစ်ခြား အသားတွေနဲ့ ရောချက် စားရင်လည်း အရသာ ရှိလှပါတယ်။ ၀က်ပုန်းရည် ဆိုတဲ့ ၀က်သားနဲ့ ပုန်းရည်ကြီးကတော့ ၀က်သားကြိုက်သူတွေ အတွက် အလွန်ခံတွင်းတွေ့စေမယ့် ဟင်းလျာပါ။ ကြက်သား၊ ငါးမြင်း၊ ငါးတန်တို့နဲ့လည်း ရောချက်ပြီး စားကြလေ့ ရှိပါတယ်။

ပုန်းရည်ကြီးကို ဆီနည်းနည်းနဲ့ ကြော်စားကြသူတွေလည်း ရှိပါတယ်။ ထမင်းနဲ့ ရောနယ်ပြီး ပုန်းရည်ကြီး ထမင်းသုပ် အနေနဲ့လည်း စားကြပါတယ်။ သတ်သတ်လွတ် သမားတွေ အတွက် ထမင်းမြိန်စေတဲ့ ပုန်းရည်ကြီးဟာ အာဟာာရ ပြည့်စေပြီး ဘေးထွက်ဆိုးကျိုးနည်းစေပါတယ်။

poneyaykyi
ထမင်းမြိန်စေတဲ့ ပုန်းရည်ကြီးကို ပဲပိစပ်ကနေ အဓိကထား ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပုန်းရည်ကြီးကို ပြုလုပ်ရာမှာ ပဲပိစပ်တွေကို ရေစင်အောင် ဆေးပြီး ရေ ၃ဆ ထည့်တာ သုံးပုံတစ်ပုံ ခန်းအောင် ပြုတ်ပေးရပါမယ်။ ပြုတ်ရည်ကို စစ်ပြီး အဖတ်တွေကို ရေ ၃ဆနဲ့ သုံးပုံတစ်ပုံ ခန်းအောင် ထပ်ပြုတ်ရပါတယ်။

၃ကြိမ်ပြုလုပ်ပြီး အကုန်ရောမွှေကာ ၃ရက် နှပ်ထားရပါမယ်။ အချဉ်ဖောက်ဖို့ အတွက်ပါ။ ၃ရက်ပြည့်ရင် ပျစ်လာအောင် ထပ်ကျိုရပါတယ်။ ပျစ်လေ ကောင်းလေပါပဲ။ ပြီးရင်တော့ လေလုံလုံ အိုးထဲမှာ ထည့်ထားပါ။ အနံ့မွှေးပြီး အရသာ ရှိတဲ့ ပုန်းရည်ကြီး ရပါပြီ။

ပုန်းရည်ကြီးဟာ လူတွေအတွက် အကျိုးရှိစေမယ့် အစားအစာ ဆိုတာ ငြင်းမရပါဘူး။ ပဲကနေ အဓိကထား ပြုလုပ်ပြီး သဘာဝနည်းအတိုင်း ပြုလုပ်တာဖြစ်တဲ့ အတွက် ဗီတာမင်တွေကတော့ အပြည့်ပါ။ ၀မ်းကောင်းစေပြီး ခံတွင်းမြိန်စေပါတယ်။ အစာကြေလွယ်ပြီး လေနဲ့ သလိပ်ကို နိုင်ပါတယ်။

Photo Credit: Yangon Coconuts