ဒီတစ်ခါမှာတော့ ဝက်သားကိုဒီအတိုင်းချက်မစားဘဲ ကြက်ဟင်းခါးသီးနဲ့ရောပြီး စားကြမယ်နော်။ ကြက်ဟင်းခါးသီးအရသာက ခါးပေမယ့်လည်း ကြိုက်တဲ့လူတွေအတွက်ကတော့ ထမင်းစားမကောင်းတဲ့အခါ တကယ်ကောင်းတဲ့ဟင်းတစ်ခွက်ပါ။
ပါဝင်ပစ္စည်းများ
- ဝက်သား
- ကြက်ဟင်းခါးသီး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆား
- သံပုရာသီး
- ဆီ
- ငရုတ်အစိမ်းမှုန့်
- နနွင်းမှုန့်အနည်းငယ်
- အချိုမှုန့်အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ဝက်သားကို အတုံးသေးသေးတုံးပြီး နနွင်းမှုန့်အနည်းငယ် ၊ ဆားနှင့် နယ်ထားပါ။ ကြက်ဟင်းခါးသီးကို ၂ လက်မပတ်လည်ခန့်တုံးပြီး ဆားနှင့်နယ်ပြီး ရေဆေးပါ (အခါးအရသာကြောက်ပါက)။
- အခါးအရသာကြိုက်ပါက ဆားနှင့်နယ်ဆေးရန်မလိုပါ ။ အနေတော်တုံးပြီး ဆား ၊ သံပုရာရည်ညှစ်ပြီး နယ်ထားပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်အစိမ်းမှုန့်ကို ရောထောင်းထားပါ။
- ဒယ်အိုးကို အပူပေးပြီး အိုးပူလာပါက ဝက်သား တုံးလေးများ ထည့်မွှေပါ။ ဆီထွက်လာသည်အထိ။ အသားများ ကျစ်ပြီး ဆီထွက်လာပါက ပန်းကန်လွတ် တခုထဲသို့ ဝက်သားကို ခပ်ထားလိုက်ပါ။ ဝက်သားမှ ထွက်လာသောဆီကို ခပ်ထုတ်လိုက်ပါ။
- ပဲဆီ/နေကြာဆီ (သို့) မိမိသုံးနေကျ ဆီကို ထည့်ပါ။ ဆီပူလာပါက ကြက်သွန် ဆီသတ်ပါ။ ကြက်သွန် အရောင်ကြည် လာပါက ကြက်ဟင်းခါးသီး ထည့်ပါ။
- ကြက်ဟင်းခါးသီး တဝက်နူးသည့် အနေအထားတွင် ခပ်ထားသော ဝက်သားများကို ရောထည့်မွှေလိုက်ပါ ။ အရသာ အနေတော် ပြင်ပြီး ဆီပြန်လာပါက သုံးဆောင်နိုင်ပါပြီ။
Credit: စားကြမယ်နော်