အဆီလုံးဝမပါတဲ့ ရှမ်းအစားအစာစစ်စစ်ဖြစ်တဲ့  ရွှေဖရုံသီးနုနု ဝက်သားအစာသွပ်ဟင်းပါ။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီးနုနု
  • ဝက်သား
  • မုန်လာဥနီ၊ ကြက်ဥ
  • ကြက်သွန်ဖြူ၊ နီ
  • ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်

ပြင်ဆင်ပြုလုပ်နည်း

ရွှေဖရုံသီးကို ရေသေချာဆေးပြီး ထိပ်ကိုဖြတ်ထားပါ။ အထဲကအစေ့တွေ ထုတ်လိုက်ပါ။ ဝက်သားနဲ့မုန်လာဥနီကို တောက်တောက်စင်းထားပါ။ ကြက်သွန်ဖြူ၊ နီ နည်းနည်းစီကို ညက်အောင်ထောင်းထားပါ။

ကြက်ဥတစ်လုံးကို ပန်းကန်ထဲ ခေါက်ထည့်ထားပါ။ ဝက်သားထဲကို မုန်လာဥနီ၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နှံ့အောင်မွှေပါ။

ပြီးရင် ရွှေဖရုံသီးရဲ့ ဗိုက်ထဲထည့်၊ ထိပ်ကိုပြန်ပိတ်၊ သွားကြားထိုးတံ ၃ ချောင်းထိုးထားပါ။ ပြီးရင် Steel ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ဒယ်အိုး (သို့) ဒန်အိုးထဲရေထည့် အဖုံးလုံအောင်ပိတ်ပြီး ၅၀မိနစ်လောက် ပေါင်းပါ။ (ပုံမှာပြထားတဲ့အတိုင်း) ရွှေဖရုံသီးကို နှစ်ထပ်ပေါင်းအိုးထဲ ထည့်ပေါင်းလည်း ရပါတယ်။

အဲလိုပေါင်းရင်တော့ အရည်တွေက အောက်ထပ်ပေါင်းအိုးထဲကျသွားတာ နှမျောစရာကောင်းပါတယ်။ ပန်းကန်ထဲထည့်ပြီး ပေါင်းတော့ ဝက်သားနဲ့ရွှေဖရုံသီးတို့ရဲ့ ချိုမြိန်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အရည်ကိုလည်း မဆုံးရှုံး ရတော့ပါဘူး။ လွယ်ကူ အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ ဟင်းကောင်းလေး လုပ်စားကြည့်ကြပါ။

Credit: ဟင်းကောင်းကောင်းလေး ချက်စားကြစို့