ပအိုဝ်းတိုင်းရင်းသားရိုးရာဟင်းတစ်ပွဲနဲ့မိတ်ဆက်လိုက်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ့်နည်းကိုဟန်နဲ့ သဘာဝဟင်းအမယ်လေးတွေကို အသုံးပြုပြီး လုပ်ထားတာမို့ စားနေကျနဲ့မတူပဲ တစ်မျိုးဆန်းသစ်နေမှာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်လိုင်းသား – 400 g
  • ဂျူးမြစ် – 250g
  • ဇီးဖြူပင်အခေါက် – 20 g
  • ကန်ဇွန်းရွက် – 200 g
  • ရှမ်းနံနံ – 30 g
  • ငရုတ်သီးအရောင်တင်မှုန့် – 5 g
  • နနွင်းမှုန့် – 3 g
  • သကြား – 5 g
  • ကြက်သားမှုန့် – 15 g
  • ဆား – 5 g
  • နေကြာဆီ – 15 g

ပြင်ဆင်ချက်ပြုတ်နည်း

ဝက်လိုင်းသားကို ဓါးဖြင့် ညက်သည်အထိ စဉ်းထားပါ။ ဇီးဖြူပင်အခေါက်ကို သခွားခြစ်ဖြင့် အမျှင်လေးတွေရအောင် ခြစ်ထားပါ။ အတွင်းသားမပါပါ။ အခေါက်သီးသန့်ရအောင် ခြစ်ယူရပါမည်။

ပြီးလျှင် ဆားဖြင့် နာနာနယ်၍ ရေခနစိမ်ထားပါ။  ပြီးမှ ရေညှစ်ထုပ်ထားပါ။ ရေညှစ်ပြီးမှ ညက်အောင်ထောင်းထားပါ။ ဂျူးမြစ်ကို အမြစ်ကြီးသီးသန့် 1 cm ခန့် လှီးပြီး မညက်တညက်ထောင်းပါ။ ထောင်းပြီးလျှင် အရေကို ညှစ်ထုတ်ထားပါ။

ကန်ဇွန်းရွက်ကို အနေတော်ခြွေပြီး ရေသေခြာဆေး ရေစစ်ထားပါ။ ရှမ်းနံနံကို ရေသေခြာဆေးရေစစ်ပြီး ခပ်ရိပ်ရိပ်လေးလှီး၊ အစလေးများရအောင် ပြန်စဉ်းထားပါ။ အားလုံးအသင့်ပြင်ပြီးလျှင် စဉ်းထားသောဝက်သားထဲသို့ ဇီးဖြူခေါက်၊ ဂျူးမြစ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ရှမ်းနံနံ၊ နနွင်းမှုန့်၊ သကြား၊ ဆား နှင့် ကြက်သားမှုန့် 10 g ထည့်ပြီး သမအောင်နယ် နာရီဝက်ခန့်နှပ်ထားပါ။

အားလုံးအဆင်သင့်ဖြစ်လို့ စချက်ရန် အောက်ခြေညီသောဒယ်အိုးထဲသို့ ကန်ဇွန်းရွက်ဖြန့်ခင်းပါ။ ဆီအပေါ်မှ လောင်းပေးပြီး အပေါ်ပိုင်းရှိ အရွက်များကို ဆီသုတ်ပေးပါ။

ကျန်ရှိသော ကြက်သားမှုန့် 5 g ကို အပေါ်မှနှံ့အောင်ဖြူးပေးပါ။ ပြီးလျှင် နှပ်ထားသော ဝက်သားကို အနေတော်အလုံးလေးများ ပြုလုပ်ပြီး ကန်ဇွန်ရွက်ပေါ်တွက် ဖြန့်တင်ပေးပါ။ ဒယ်အိုးအဖုံးကို ပြန်ပိတ်ပြီး မီးအသင့်အတင့်ဖြင့် ဆယ်မိနစ်မှဆယ့်ငါးမိနစ်ခန့်အထိ တည်ထားပါ။ ဒါဆိုရင်တော့ စားရတာ အရသာတစ်မျိုးလေးဆန်းနေမယ့် ဇီးဖြူခေါက်ဝက်သားလုံး (ပအိုဝ်းစတိုင်)ဟင်းတစ်ခွက် ရပါပြီ။

ဇီးဖြူခေါက်အရသာ ဖန်ဖန်လေးနဲ့ စားရတာ အရမ်းလေးလေးပင်ပင်ရှိပါတယ်။ အသားလုံးလုပ်တဲ့နေရာမှာ ကျန်တဲ့ အဆာပလာတွေ ထည့်မထားပေမယ့် ဇီးဖြူခေါက်နဲ့ ဂျူးမြစ်ကြောင့် အသားလုံးလေးတွေဟာ ကြေမသွားပဲ မာမာလေးဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အခုသုံးထားတဲ့ ဝက်သားနေရာမှာ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးကို ပြောင်းချက်လို့ရသလို အောက်မှာခင်းတဲ့ ကန်ဇွန်းရွက်နေရာမှာလည်း မိမိနှစ်သက်ရာအရွက်တစ်မျိုးမျိုး ပြောင်းထည့်လို့ရပါတယ်။

Credit: Kyaw Linn