ကိုရီးယားစတိုင်လ် တရုတ်စတိုင် ရောသမမွှေလေးကြော်ပြီး ကိုယ်ပိုင် အရသာလေး တီထွင်ဖန်တီးပြီး သူငယ်ချင်းများ မြည်းခိုင်းတဲ့အခါ အားရပါးရ စားသုံးတာကို မြင်ရတော့ ဝမ်းသာပျော်ရွှင်မိတယ်။ အားလုံးလည်း အားရပါးရ ပြန်လည်ကြော်စားလို့ရအောင် ခေါက်ဆွဲကြော်နည်းလေး ပြန်ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကိုရီးယားဝက်အူချောင်းသေး – ၁၇၅ ဂရမ် (ပါးပါး စွေစောင်းလေးတွေ လှီးထားပါ)
- ကြက်ဥခေါက်ဆွဲ – ၃၂ဝ ဂရမ် (တစ်ထုပ်၊ ပြုတ်ထားပါ)
- ကင်မ်ချီ – ၁၆ဝ ဂရမ် (ပါးပါးလေးတွေ လှီးထားပါ)
- ကြက်ဥ – ၂ လုံး (မွှေကြော်ထားပါ)
- ပဲငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
- ကိုရီးယားငရုတ်သီးနှစ် – စားပွဲဇွန်း ၃ ဇွန်း
- ကန်နိုလာဆီ – စားပွဲဇွန်း ၃ ဇွန်း ခွဲ
- မုန်လာဥနီ – ၁ ဥ (အခွံခွာပြီး ပါးပါးချောင်းလေးတွေ လှီးထားပါ)
- ရှမ်းနံနံ – ၃ ပင် (ခပ်ရှည်ရှည်လေးတွေ ဖြတ်ထားပါ)
- ကြက်သားမှုန့် – စားပွဲဇွန်း ၃ ဇွန်းခွဲ (မထည့်လည်းရပါတယ်)
- ဆား – အနည်းငယ် (ကိုယ့်အရသာအတိုင်း ထည့်ပါ)
- ဂေါ်ဖီ
ပြုလုပ်နည်း
- ဒယ်အိုးကြီးထဲ ဆီထည့်အပူပေးပါ။ ဒယ်အိုးပူလာလျှင် ဝက်အူချောင်းများ ထည့်ကြော်ပါ။ ဝက်အူချောင်း အညိုရောင်သန်းလာလျှင် ကင်မ်ချီနှင့် မုန်လာဥထည့်ပြီး ၃ မိနစ် လောက်ကြော်ပါ။ ပြီးလျှင် ဂေါ်ဖီထည့်ပြီး ၂ မိနစ်လောက် ကြော်ပြီးလျှင် မီးမျှင်မျှင်လေးဖြင့် ပဲငံပြာရည်၊ ငရုတ်သီးအနှစ်များ ထည့်ပြီး သေချာနှံ့အောင်မွှေပါ။
- ခေါက်ဆွဲကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ပြုတ်ထားပါ။ ပြုတ်ထားသော ခေါက်ဆွဲကို ရေအေးနဲ့ဆေးပါ။ ရေစင်အောင်စစ်ပြီး ဆီအနည်းငယ် ခပ်ဖွဖွလေးနယ်ထားပါ။ ကြက်ဥကို ခလောက်ပြီး အသင့်မွှေကြော်လေး ကြော်ထားပါ။
- အသီးအရွက်များထဲ ခေါက်ဆွဲရောပါ အားလုံးနှံ့အောင် ခပ်ဖွဖွလေး မွှေပေးပါ။ ကြက်သားမှုန့်ဖြူးပါ။ ၃-၄ မိနစ်လောက် သေချာနှံ့အောင်မွှေပြီး ကြော်ပါ။ ခေါက်ဆွဲနူးအိ အသီးအရွက်များလည်း နွမ်းလာလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ အသင့်ကြော်ထားသော ကြက်ဥကြော်လေးကို ခေါက်ဆွဲပေါ်မှာ အသာဖြူးပြီး ကြိုက်နှစ်သက်သလို ပူပူလေးသုံးဆောင်ပါ။
မှတ်ချက် – ဝက်အူချောင်းအစား တခြားအသားများကို အစားထိုး အသုံးပြုလို့ရပါတယ်။