သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမိန်စေတဲ့ နေ့လေးတနေ့ပါ။ အသားမပါပေမယ့် အချို၊ အချဉ်၊ အငံအရသာ ပိုထားပြီး အသီးအနှံ တို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့ အတွက် စားမိန်ဖွယ်ရာ ဟင်းတစ်မယ်ဆိုလဲ မမှားပါဘူး။ ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူပေါ် ဆမ်းပြီး စားနိုင်တဲ့ ချိုချဉ်ဟင်းမို့ ချက်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခပ်ထူထူလှီးထားသော ဂေါ်ဖီ – ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • အနေတော်လှီးထားသော ဘရိုကိုလီ – ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  •  ကြက်သွန်နီ – တလုံး (လှီးထားပါ)
  • မုံလာဥနီ – ဟင်းပြင်ပန်းကန်အသေး တလုံးစာ (သေးသေးရှည်ရှည် လှီးထားပါ)
  •  ကြက်သွန်ဖြူ – ၃ မွှာ (ဓါးပြားရိုက်ထားသော)
  • ချယ်ရီခရမ်းချဉ်သီး – ၈ လုံး
  • တရုတ်နံနံ – ၂ ခက် (အခက်ကြီးကြီး)
  • ပြောင်းကော်မှုန့် – ၂ ဇွန်းမောက်မောက် ( ထမင်းစားဇွန်း )
  • သကြား – တစ်ဇွန်း  (ထမင်းစားဇွန်း)
  • ဆား – တစ်ဇွန်း  (လက်ဖက်ရည်ဇွန်း)
  • ပဲငံပြာရည် – တစ်ဇွန်း  (ထမင်းစားဇွန်း )
  • ဆီ – ၃ ဇွန်း  (ထမင်းစားဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ။
  2. ဆီပူလာပါက ဓါးပြား ရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့ အထိ ကြော်ပေးပါ ။
  3. ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှ လွဲပြီး အားလုံးကို ထည့်ကြော်ပေးပါ ။
  4. ၂ မိနစ်လောက်ဘဲ ကြော်ပေးပါ ။   အရွက်များ နွမ်းလျှင် စားလို့ မကောင်းပါ ။
  5. အရွက်များ အရမ်း မနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပြီး မွှေပေးပါ ။
  6. ကော်ရည်ပျစ် လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံ ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပါ ။
  7. ထမင်းပူပူနဲ့ တွဲဖက် စားသုံးနိုင်ပါပြီ ။

ကော်ရည်ဖျော်ထားရန်  (အသီးအရွက် မကြော်ခင် ကော်ရည် ဖျော်ထားပါ ။)

  • ပြောင်းကော်မှုန့်
  • သကြား
  • ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ ။

Credit: Mar Mar Lwin