အားလုံးပဲမင်္ဂလာပါ။တစ်ခေါက်မှာတော့ နေ့လည်နေ့ခင်းမိသားစုအစာပြေစားဖို့ဖြစ်ဖြစ် ညစာအတွက်ထူးခြားတဲ့ဟင်းလျာလေးကိုပြင်ဆင်ချက်ပြုတ်ချင်တဲ့ အိမ်ရှင်မတွေအတွက် ထိုင်းစတိုင် ငါးသားလုံးကြော်နဲ့ သခွားသီးသုပ် ပြုလုပ်နည်းလေးကိုပြောပြပေးချင်ပါတယ်။ကြွကြွယွယွနဲ့ အရသာအရမ်းရှိတဲ့ ငါးသားလုံးကြော်လေးဖြစ်တာကြောင့် အိမ်ကသားသားမီးမီးလေးတွေလည်းလုံးဝအကြိုက်တွေ့စေမှာပါ။ကဲဒါဆိုရင် ချက်ပြုတ်နည်းလေးကိုဆက်ဖတ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မက်ကရယ်ငါး ၄၀၀ ဂရမ်
  • ငါးသားလုံး ၁၅ လုံးခန့်
  • ပဲတောင့်ရှည် ၅၀ ဂရမ်
  • သခွားသီး ၁ လုံး
  • ပူစီနံ ၁၅ ရွှက်
  • ဂျင်း ၁၅ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ငရုပ်နှစ် ၈၀ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရှာလကာရည် အနည်းငယ်
  • ဆား အနည်းငယ်
  • သံပရာသီး ၁ လုံး
  • ငရုပ်သီးအနီ ၂ တောင့်
  • မြေပဲထောင်း စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး ဇလုံတစ်ခုအတွင်း သကြား ၃ ဇွန်းနှင့် ရှာလကာရှည်တို့ကိုရောပြီး မွေပေးရပါမယ်။ပြီးရင်တော့သကြားနဲ့ ရှာလကာရည်အရောကို သကြားပျော်သွားတဲ့အထိ အပူပေးပါ။သကြားပျော်ပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး အအေးခံထားရပါမယ်။

(၂) နောက်တစ်ဆင့်အနေနဲ့ အရိုးနွင်ပြီးသား မက်ကရယ်ငါးကို ပုံမှပြထားတဲ့အတိုင်း ဇွန်းအသုံးပြုပြီး အသားတွေချည်း ခြစ်ထုတ်လိုက်ပါ။

(၃) ပြီးရင်တော့ ခြစ်ထားတဲ့ ငါးအသားနှင့်အတူ ငရုပ်နှစ် ဂျင်း ပူစီနံ ကြက်ဥ ငရုပ်သီးတို့ကိုရောထည့်ပြီး ကြိတ်စက်ဖြင့် ကြိတ်ပေးရပါမယ်။အထက်ပါပါဝင်ပစ္စည်းတွေအားလုံးကြိတ်ပြီး ရလာတဲ့ ငါးသားအနှစ်ကိုတော့ ဇလုံတစ်ခုထဲပြောင်းထည့်ပါ။

(၄) ဆက်လက်ပြီး ပါးပါးလှီးထားတဲ့ ပဲတောင့်ရှည်လေးတွေကို ငါးအသားအနှစ်ထဲရောထည့်ပြီး သမအောင်မွေပေးရပါမယ်။

(၅) နောက်ဆုံးအဆင့်အနေနဲ့ အသားလုံးဖို့အတွက် လက် ကိုရေအနည်းငယ်စွတ်ပေးရပါမယ်။ဒါမှလည်းငါးအသားအနှစ်တွေလက်မှာအများကြီးကပ်မနေတော့ပဲ ကိုင်တွယ်လို့အဆင်ပြေမှာပါ။ငါးအသားလုံးအတွက် ပြင်ဆင်းထားတဲ့ငါးအသားအနှစ်ကိုအနေတော်အရွယ်လုံးပြီး အလည်မှာ Ready Made ငါးအသားလုံးလေးထည့်ကာ ထပ်မံလုံးပေးရပါမယ်။

(၆) ငါးအသားလုံးလေးတွေလုံးပြီး ကြော်ဖို့အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲကို ဟင်းရွှက်ဆီထည့်ပေးရပါမယ်။ ကြွက်ကြွမွမွလေးဖြစ်နေဖို့ Deep-fry ကြော်ရမှာဖြစ်တဲ့အတွက် ငါးအသားလုံးမြုတ်လောက်တဲ့အထိ ဆီထည့်ပေးဖို့လိုပါမယ်။အပူချိန် ၁၆၀ ဒီဂရီလောက်နဲ့ ၂ မိနစ်ခန့်ကြော်ပေးမယ်ဆိုရင် မွေးပျံ့ပြီးကြွပ်ရွှတဲ့ ငါးအသားလုံးကြော်လေးရပါပြီ။

(၇) သခွားသီသုပ်အတွက်ကတော့ သခွားသီးကို အရှည်လိုက် ပါးပါးလေးတွေလှီးရပါမယ်။လှီးထားတဲ့သခွားသီးအလွှာလေးတွေကိုရေဆေးသန့်စင်ပြီးရင် ဇလုံတစ်ခုထဲထည့်ပါ။ငရုပ်သီးတောင့်အနီကိုလည်း ခပ်ပါးပါးလှီးပြီး အစပ်ကြိုက်ရင်ကြိုက်သလို စိတ်ကြိုက်ထည့်နိုင်ပါတယ်။ပြီးရင်တော့ မြေပဲထောင်းလေးရောထည့်ပြီး အရသာမှုန့်နဲ့ သံပရာသီးလေးညှစ်လိုက်မယ်ဆိုရင် ခံတွင်းရှင်းစေမယ့် ချဉ်ငံစပ်သခွားသီးသုပ်လေးရပြီပဲဖြစ်ပါတယ်။

အားလုံးပြီရင်တော့ ကြိုက်နှစ်သက်ရာပန်းကန်ထဲ အလှဆင်ပြီး ကြွပ်ကြွပ်မွမွငါးအသားလုံးကြော်လေးနဲ့ သခွားသီးသုပ်ချဉ်ငံစပ်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : Asianfoodchannel