အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားထက် အရိုးကိုက်ရတာကို ပိုပြီးအားရတယ်ဆိုတဲ့ စာဖတ်ချစ်သူများအတွက် ယိုးဒယားဝက်ပေါင်နဲ့ ဝက်ခြေထောက်စတူးချက် ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး စားချင်စဖွယ်လေးဆိုတော့ ကလေးလူကြီးအကြိုက်တွေ့မှာ အသေချာပါ။
ပါဝင်ပစ္စည်းများ
- ဝက်ပေါင်၊ ဝက်ခြေထောက်
- သစ်ဂျပိုးခေါက်၊ နာနတ်ပွင့်၊ ငရုပ်ကောင်းစေ့
- ကြက်သွန်ဖြူ၊ နံနံပင်အမြစ်
- ဆား၊ ဆီ၊ ပဲငံပြာရည်အနှောက်
- ခရုဆီ၊ သကြား၊ အရသာမှုန့်၊ ကိုက်လန်ရွက်
ပြင်ဆင်ပြုလုပ်နည်း
ဝက်ပေါင်နဲ့ဝက်ခြေထောက်ကို မီးမြိုက်ကာ အမွှေးခြစ်ပြီး သန့်စင်အောင်ဆေးကြောထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီးဝက်ခြေထောက်များ အပေါ်ယံတင်းပြီး အရောင်ပြောင်းအောင် ကြော်ပေးပြီး ရေသန့်ဖြင့် ဆေးကြောပြီး ရေစစ်ထားပါ။
ရေနွေးအိုးဆူအောင်တည်ပြီး သစ်ဂျပိုးခေါက်၊ နာနတ်ပွင့်နဲ့ ငရုပ်ကောင်းစေ့၊ ကြက်သွန်ဖြူ၊ နံနံပင်အမြစ် ဓားပြားရိုက်ထားတာတွေအားလုံးကို အဝတ်ပါးစတစ်ခုဖြင့် စုချည်ကာ ထုပ်ပြီး ရေနွေးအိုးထဲ ထည့်ပြုတ်ပါ။ ဆား၊ ပဲငံပြာရည် အနှောက်၊ ခရုဆီ၊ သကြား၊ အရသာမှုန့်စသည်တို့ကို ထည့်ပြီး ရေနွေးပွက်ပွက်ဆူပါက ဝက်ပေါင်နှင့် ခြေထောက်များ ထည့်ပါ။ မီးပြင်းပြင်းနဲ့ နာရီဝက်၊ မီးဖြည်းဖြည်းနဲ့ တစ်နာရီခွဲခန့် နူးအိသွားအောင် ပြုတ်ထားရပါတယ်။
ကိုက်လန်ရွက်ကြိုက်ပါက စားခါနီးမှ ထည့်ပြုတ်စားနိုင်ပါတယ်။ မုန့်ညှင်းချဉ်ကို ပြုတ်ပြီး ပါးပါးလှီးပြီး အရည်ညှစ်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်ကာ ဆီအနည်းငယ်နဲ့ ကြော်ထားတာနှင့် တွဲဖက်ပြီးစားလို့ အရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူလေး ပါးပါးလှီး ငရုပ်သီးစိမ်းကို ကြိတ်ပြီး ရှာလကာရည်နဲ့ လုပ်ထားတဲ့ အချဉ်ရည်လေးနဲ့ အရမ်းလိုက်ဖက်လှပါတယ် ။ ထမင်းပူပူလေးနဲ့ဆို အလွန်ပင် လိုက်ဖက်လှပါသည်။
Credit: Thida Lay Lay