ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ရွှေဖရုံသီး
  • ခဝဲသီး
  • မှို
  • Chili Oil (Pantai )
  • Red Curry Paste
  • ပုဇွန်ခြောက်
  • စပါးလင်
  • ငရုတ်ကောင်းစေ့
  • ထိုင်းငါးပိ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • သကြား
  • ကြက်သားမှုန်
  • ပုဇွန်ငံပြာရည်
  • ကချိုင်
  • ငရုတ်သီးအနီ
  • သံပုရာသီး
  • ပင်စိမ်း

ပြင်ဆင်ချက်ပြုတ်နည်း

ပုဇွန်ကို အခွံခွာ ထားပါ။ ရွှေဖရုံသီး ၊ ခဝဲသီး တို့ကို အခွံခွာ ရေဆေးထားပြီး အနေတော် အတုံးလေးများ လှီးဖြတ် ထားပါ။ မှိုကို ရေဆေးထားပြီး ထက်ခြမ်း သို့မဟုတ် လေးစိပ်စိပ် ထားပါ။

ပုဇွန်ခြောက်ကို ရေဆေးထားပြီး ရေနွေးစိမ်းထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရေဆေး အခွံခွာထားပါ။ စပါးလင်ကို ရေဆေးပြီး သေးသေးနုတ်နုတ်လှီးထားပါ။ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်း၊ ငရုတ်ကောင်းတို့ကို ရောထောင်းပါ။ ကြေညက် လာပြီဆိုလျှင် ထိုင်းငပိထည့်ထောင်းပါ။

ကချိုင်ကို အပေါ်ယံလွှာကို ခြစ်၊ ရေးဆေးပြီး သေးသေးရှည်ရှည်လေးတွေ လှီးဖြတ်ထားပါ။ သံပုရာရည် ညှစ်ထားပါ။ ပင်စိမ်းကို ရေဆေးထားပါ။ အားလုံး ပြင်ဆင်ပြီး သွားပြီဆိုလျှင် ကြက်ပြုတ်ရည်ထဲသို့ ပုဇွန်ခြောက်အနှစ်၊ Red Curry Paste တို့ကို ထည့်ပါ။

ရွှေဖရုံသီး၊ ခဝဲသီး၊ မှိုတို့ကို ထည့်မွှေပေးပါ။ သကြား၊ ကြက်သားမှုန့်၊ ပုဇွန်ငံပြာရည်၊ ငရုတ်ကောင်း ထည့်ပါ။ Chili Oil (Pantai) နည်းနည်းလေးပဲ ထည့်ပါ။ ပုဇွန်ထည့်၊ ကချိုင်ထည့်ပါ။ သံပုရာရည်၊ ငရုတ်သီး ဓားပြား ရိုက်ထားတာကို ထည့်ပါ။

အရသာ မြည်းကြည့်ပြီး လိုအပ်တာ ထပ်ထည့်ပါ။ ပင်စိမ်းကို ထည့်ပြီး သွားပြီဆိုလျှင် အရသာရှိတဲ့ ပုဇွန် လယ်သမားဟင်း ချဉ်စပ်လေး ရရှိပါပြီ။ ချဉ်စပ် အရသာလေး ဆိုတော့ ထမင်းစားမြိန် စေပါတယ်။

( ကြက်ပြုတ်ရည် မရှိပါက ရေနွေး သို့မဟုတ် ရေကို ဆူအောင် တည်ပြီး အသုံးပြုလို့ ရပါတယ်။ သံပုရာရည်ကို ဟင်းအိုးထဲကို တစ်ခါတည်း မထည့်ပဲ မိမိစားမည့်အခါမှ ထည့်လဲ ရပါတယ် ။)

Credit: April Lwin