ရေခဲမုန့်လို့ ပြောလိုက်တာနဲ့ ကလေးတွေမှအစ လူကြီးတွေ အဆုံး ရင်ခုန်ကြတဲ့ အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က လူတွေ ခုံမင်စွာ စားသောက်ကြတဲ့ အချိုပွဲ တစ်မျိုးဆိုလည်း မမှားပါဘူး။

ရေခဲမုန့်ကို လွန်ခဲ့သော ၂၀၀ ဘီစီ ဝန်းကျင်က တရုတ်နိုင်ငံကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်နဲ့ နို့ကို အဓိကထားပြီး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ် ဧကရာဇ်တွေ အပန်းဖြေ စားသောက်တဲ့အခါ တည်ခင်းဧည့်ခံတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးနှင်းရေခဲမုန့်ကို ခေါ်ပြီး သစ်သီးတွေ ပျားရည်တွေကို ဆီးနှင်းရေခဲတွေနဲ့ ရောပြီး ပြုလုပ်ခဲ့ကြပါတယ်။ ထိုမှတဆင့် အီတလီနိုင်ငံသား မာကိုပိုလိုက ရေခဲမုန့်ကို ဥရောပနိုင်ငံသားတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ တရုတ်တွေရဲ့ ပြုလုပ်နည်းကို အခြေခံပြီး နွားနို့ကနေ ရတဲ့ နို့ခဲတွေနဲ့ ရေခဲမုန့်ကို စမ်းသပ်ပြုလုပ်ခဲ့ကြပါတယ်။

ထိုမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်နဲ့ တခြား အာရှနိုင်ငံများကိုလည်း ပြန့်နှံ့ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်များမှာတော့ လူကုံတန် လူတန်းစားတွေ စားသုံးတဲ့ အစားအစာ အဖြစ် ရှိခဲ့ပြီး ၁၇၀၀ ပြည့်လွန်နှစ်တွေမှာတော့ အင်္ဂလန်ပြည်က နိုင်ငံသားတွေ အတော်များများဆီမှာ ရေခဲမုန့် စားသုံးတဲ့ ဓလေ့ ထွန်းကားခဲ့ပါတယ်။ အမေရိကန် နယူးယော့ခ်မြို့မှာတော့ ၁၇၇၀ ပြည့်လွန်နှစ်မှာ ပထမဆုံး ရေခဲမုန့်ဆိုင် ဖွင့်ခဲ့ပါတယ်။ ၁၉၀၀ အလွန်နှစ်တွေမှာတော့ ခေတ်မှီလာပြီး ဝေဖာ၊ ဘီစကစ်တို့နဲ့ တွဲဖက်စားသုံးလာကြပါတယ်။ နောက်ပိုင်းမှာတော့ ချောကလက်၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ ပဲထောပတ်၊ အုန်းသီး၊ လီမွန် အစရှိသဖြင့် အရသာ အနံ့တွေကို စမ်းသပ်တီထွင်ပြီး ပြုလုပ်လာကြပါတယ်။

ရေခဲမုန့်ကို နွားနို့၊ နွားခဲတွေနဲ့ သစ်သီးတွေကို အဓိကထား ပြုလုပ်တာကြောင့် ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အရိုးတွေ အတွက် ကောင်းမွန်ပါတယ်။ သွေးထဲက အဆီတွေကို လောင်ကျွမ်းစေရုံသာမက ကျောက်ကပ်ကိုလည်း ပုံမှန်အလုပ်ပေးပါတယ်။ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။  နို့ကို ကယ်လိုရီပါဝင်မှု လျော့နည်းနိုင်သမျှ နည်းအောင် ထည့်ပေးမယ့်လည်း ခွက်တစ်ဝက်ဆိုရင် ကယ်လိုရီ 150 လောက်တော့ ပါဝင်နေပါသေးတယ်။ ဝိတ်ထိန်းနေသူတွေ အတွက်တော့ သတိထားပြီး စားပေးပါ။

ရေခဲမုန့်ကို မြန်မာပြည်မှာတော့ သရေစာအဖြစ် စားရုံတင်မဟုတ်ဘဲ မင်္ဂလာဆောင်၊ အလှူနဲ့ တခြား အလှူပွဲတွေမှာလည်း ဧည့်ခံတဲ့ မုန့်တစ်ခု အနေနဲ့ ကျွေးမွေးကြပါတယ်။ ရေခဲမုန့်ကို ပန်းကန်ပုံစံတွေနဲ့ ထည့်ပြီး ဇွန်းနဲ့ စားကြသလို၊ ရေခဲမုန့်ထည့်တဲ့ ဝေဖာခွက်တွေနဲ့လည်း စားကြပါတယ်။ ရေခဲမုန့်ကို နွေရာသီမှာ ရေအေးစေမယ့် သရေစာအဖြစ် စားသုံးကြပေမယ့် အလွန်အကျွံမစားမိဖို့တော့ လိုပါတယ်။

Source: Wiki