သင်္ကြန်နားနီးလေ သင်္ကြန်စာတွေကို ပိုရင်ခုန်လေ ဖြစ်တတ်ကြပါတယ်။ သင်္ကြန်ဆိုရင် ပိတ်ရက်တွေလည်း ရက်ရှည်ရတဲ့ အတွက် မုန့်တွေဟင်းတွေကို ကိုယ့်စိတ်ကြိုက် အေးဆေး ချက်စားဖြစ်ကြပါတယ်။ မုန့်လုံးရေပေါ်ဟာဆိုရင် မြန်မာတို့အတွက် ရိုးရာအစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲဖြစ်တဲ့ အတာရေသဘင်ပွဲတော်မှာ ဆိုရင် စတုဒီသာအဖြစ် ကျွေးမွေးကြပြီး ပျော်ရွှင်စွာ စာသုံးကြတဲ့ အစားအစာ တစ်မျိး ဖြစ်ပါတယ်။ မုန့်လုံးရေပေါ်လို့ ပြောလိုက်တာနဲ့ သင်္ကြန်နံ့တွေ ရလာတတ်ကြပါတယ်။

မုန့်လုံးရေပေါ်ဟာ ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ကို အဓိကထားပြီး ထန်းလျက်နဲ့ အုန်းသီးပါ တွဲဖက် စားသုံးရတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ တကယ့် မြန်မာ့ရနံ့သင်းပြီး ပါဝင်ပစ္စည်းတွေကလည်း ပြည်တွင်းဖြစ် ပစ္စည်းတွေချည်း ဖြစ်လို့ အကုန်အကျ သက်သာပြီး စုပေါင်းလုပ်ဆောင်ပြီး စားတတ်ကြတဲ့ မြန်မာ့အစားအစာ တစ်မျိုးပါ။ စုပေါင်းခြင်း အဓိပ္ပါယ် ဖော်ဆောင်ပြီး တစ်ယောက်တစ်လှည့် တာဝန်ကိုယ်စီယူပြီး လုပ်ဆောင်လေ့ ရှိတဲ့ အစားအစာ ဖြစ်ပါတယ်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • ကောက်ညှင်းဆန်
  • ဆန်မှုန့်
  • ဆားအနည်းငယ်
  • အုန်းသီး
  • ထန်းလျက်

ပထမဆုံး ကောက်ညှင်းနဲ့ဆန်ကို ကြိတ်ပြီး သမအောင် နယ်ပေးရပါတယ်။ မပျော့မာ အနေအထားထိ နယ်ပြီး အလုံးလေးတွေ စုပေါင်း လုံးကြပါတယ်။ မုန့်လုံးတဲ့အခါ ပညာ ပါပါတယ်။ မုန့်သားမထူမပါးဖို့ သတိထားရပါမယ်။ ထူလွန်းရင် စားတဲ့အခါ စားမကောင်းသလို ပါးလွန်းရင်လည်း အစာသွပ်တွေ ထွက်ကျတတ်ပါတယ်။ အဲ့ဒီ လုံးနေတဲ့ အချိန်ဆို တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြနဲ့ ပျော်စရာ အချိန်လေးတွေပါ။

အဲ့ဒီ အချိန်မှာပဲ အထဲ အစာသွပ်ဖို့ ထန်းလျက် ထုသူက ထု၊ အုန်းသီးခြစ်သူက ခြစ်နဲ့ တာဝန် ကိုယ်စီယူပြီး တက်ညီလက်ညီ လုပ်ကြရတာဟာ ကြည်နူးဖွယ်ပါ။ လုံးထားတဲ့ အလုံးလေးတွေကို ရေပွတ်ပွတ်ဆူထဲ ထည့်ပြီး ပြုတ်ရပါတယ်။ မုန့်အသားကျတ်တဲ့အခါ ရေပေါ် ပေါလော ပြန်ပေါ်လာပြီး ဆယ်ယူရပါတယ်။ ဆယ်ထားတဲ့ မုန့်လုံးတွေကို ရေအေးခွက်ထဲ ထည့် အေးအောင်လုပ်ပြီး ငှက်ပျောရွက်လေးထဲ ထည့်ပြီး သွားကြားထိုးတံလေး ထိုးပြီး စားလို့ ရပါပြီ။

မုန့်လုံး လုံးတဲ့ အခါ အပျော်အဖြစ် ငရုတ်သီးစိမ်းတွေကို ထည့်လုံးတတ်ကြပြီး စားမိတဲ့လူကတော့ ပူစပ်ပူလောင်နဲ့ အာပြဲပြီသာ မှတ်တော့ပဲ။ ဒါပေမယ့် စနောက်ခံရသူဟာလည်း စိတ်ဆိုးလေ့ မရှိပါဘူး။ ချစ်စရာ မြန်မာ့ဓလေ့လေးပါ။ သင်္ကြန်တွင်းမှာသာ အများဆုံး စားသုံးကြတဲ့ အစားအစာဖြစ်လို့ ရိုးရာအစားအစာ မုန့်လုံးရေပေါ်ကို ရိုးရာမပျက် နှစ်စဉ်နှစ်တိုင်း စားသုံးရင်း နှစ်သစ်ကို ကြိုကြပါစို့။

Photo Credit: Asean Community &  www.meemalee.com