ဂေါ်ရခါးညွန့်ကို ကြော်ကြော်၊ ချက်ချက် အရမ်းကောင်းပါတယ်။ သူငယ်ချင်းတစ်ယောက်က ဂေါ်ရခါးညွန့်ကို အမဲသားလုံးနဲ့ ခေါက်ဆွဲထည့်ပြီး ချက်ကျွေးဖူးတာကစပြီး အရမ်းကြိုက်သွားတာပါ။ ကိုယ့်ဘာသာချက်တော့ တစ်ခြား အသားတွေနဲ့ ချက်ရင်း ဝက်သားကြိတ်သားက ဝယ်ရလွယ်ပြီး အရသာလည်းရှိလို့ ဝက်သားလုံးနဲ့ ချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးညွန့်
  • ဝက်သား ကြိတ်သား
  • အကြော်မှုန့် (သို့) ကော်မှုန့်
  • ဆား
  • အချိုမှုန့်
  • ကြက်ဥတစ်လုံး
  • ခနောတံဆိပ် ဝက်သားမှုန့် ၂တုံး

ပြင်ဆင်ပြုလုပ်နည်း

၁။ ဂေါ်ရခါးညွန့်ကို အမျှင်တွေ ဖယ်ပြီး အရွက်ရော၊ အရိုးပါ သင်ထားပါ။ ဝက်သား ကြိတ်သားကို အကြော်မှုန့် (သို့) ကော်မှုန့် နည်းနည်းထည့်ပြီး ရောနယ်ထားပါတယ်။ (ဝက်သား ကြိတ်သားတွေက အရသာ ပါပြီးဖြစ်လို့ ဘာမှ မပါသေးရင် ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါ။)

၂။ ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ခေါက်ထားပါ။ ခနောတံဆိပ် ဝက်သားမှုန့် ၂တုံးထည့်ပြီး ရေနွေးအိုးတည်ထားပါတယ်။

၃။ ရေနွေးပွက်ပွက်ဆူလာရင် ကော်မှုန့်နဲ့ ရောနယ်ထားတဲ့ ဝက်သားတွေကို ဟင်းခတ်ဇွန်းနဲ့ တစ်ဇွန်းချင်း ခပ်ပြီး အိုးထဲ ထည့်လိုက်ရင် ကြေးအိုးဆိုင်တွေကလို ဝက်သားလုံးလေးတွေ ဖြစ်သွားပါတယ်။

၄။ ဝက်သားလုံးတွေအကုန် အိုးထဲထည့်ပြီးရင် ခဏပွက်အောင်ထားပြီး ပွက်ရင် သင်ထားတဲ့ ဂေါ်ရခါးညွန့်တွေ ထည့်ပါတယ်။

၅။ နောက်တစ်ခါ ထပ်ပွက်ရင် ဂေါ်ရခါးညွန့်တွေ ကျက်ပါပြီ။ အဲ့ဒီ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲကို ခေါက်ထားတဲ့ကြက်ဥတွေ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တစ်ချိန်ထဲမှာ ဟင်းရည်အိုးကို မွှေပေးနေပါ။ ကြက်ဥက ချက်ချင်းကျက်တာမို့ ထည့်ပြီးတာနဲ့ သုံးဆောင်လို့ ရပါပြီ။

၆။ ငရုတ်ကောင်းကြိုက်တတ်ရင် ဟင်းချိုကို ပန်းကန်ထဲ ထည့်ပြီးမှ နှစ်သက်သလောက် ပမာဏထည့်လို့ ရပါတယ်။

Credit: Snow