သတ်သက်လွတ် စားတဲ့သူများ နှစ်သက်မယ့် ထမင်းမြိန်စေမယ့် ဟင်းတခွက်ပါ။  အရသာကလည်း ချဉ်စပ်လေးဖြစ်ပြီး ပိန္နဲစေ့ကလည်း နူးအိပြီး ဆိမ့်တဲ့ အရသာရှိပါတယ်။ ပိန္နဲစေ့က လူနဲ့တည့်ပြီး လူ၏ မျက်လုံးအား၊ အသားအရေနဲ့ ဆံပင်ကို ကောင်းစေပါတယ်။ လူနှင့် မတည့်သော အဆီဓါတ်၊ ကိုလက်စရောဓါတ်တို့ မပါဝင်ပါ။  စားလိုက်ရင် အားအင်တွေ ပြန်ဖြည့်စေမယ့် စွမ်းအင်တွေ ပါဝင်ပါတယ်။  သတ်သက်လွတ်စားတဲ့သူများ နှစ်သက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီးစေ့ပြုတ်၊ မျှစ်၊ ဆူးပုတ်ရွက်
  • ငရုတ်သီးစိမ်း၊ မန်ကျည်းသီးမှည့်
  • ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • ဂျင်း၊ ငရုတ်သီး အရောင်တင်မှုန့်
  • ဆား၊ နနွင်း၊ ဆီ

ပြင်ဆင်ပြုလုပ်နည်း

ပထမဦးစွာ ပိန္နဲသီးစေ့ပြုတ်များကို အခွံခွာထားပါ။ မျှစ်ကို၂ ရေလောက် ပြုတ်ထားပါ။ ဆူးပုတ်ရွက်လေးတွေကို ရေဆေး သန့်စင်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ရောထောင်းထားပါ။ ခရမ်းချဉ်သီးကို အထဲက အစေ့တွေထုတ်ပြီး လေးစိတ်စိပ်ထားပါ။ မန်ကျည်းသီးမှည့် အနည်းငယ်ကို ရေစင်အောင်ဆေးပြီး ရေနွေးနှင့် စိမ်းထားပါ။

ပြီးလျှင် မီးဖိုးပေါ် အိုးတစ်လုံးတင်ပြီး ထောင်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို ငရုတ်အရောင်တင်မှုန့် နှင့် နနွင်းလေးထည့်ပြီး ဆီသတ်ပါ။

ကြက်သွန်များ နွမ်းလာလျှင် ခရမ်းချဉ်သီးလေးစိတ် စိပ်ထားတာကို ထည့်၊ ပြီးလျှင် မျှစ်ထည့်၍ ရေအနည်းငယ်နှင့် ဆားထည့်ပြီး အဖုံးအုပ်၍ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။

ပွက်ပွက်ဆူလာလျှင် ပိန္နဲသီးစေ့ ပြုတ်များကို ထည့်ပြီး ရေအနည်းငယ် ထပ်ထည့်၍ အဖုံးအုပ်ပြီး ပြန်တည်ပေးပါ။ အရည်များ ဆူပွက်လာပါက ငရုတ်သီးစိမ်း၊ မန်ကျည်းသီးမှည့် အနှစ်နှင့် ဆူးပုတ်ရွက် အုပ်ပြီး အပေါ့အငံ မြည်းပြီး ပူပူနွေးနွေးလေးချ၍ ထမင်းဖြူလေးနှင့် သုံးဆောင်နိုင်ပါသည်။

Jackfruit.2016-05-18 at 1.36.42 pm

MyFood Myanmar