ကြက်ခြေထောက် အရေခွံသုပ် ထုတ်ထုတ် ၊ ထုတ်ထုတ်နဲ့ စားလို့ ကောင်းမှကောင်း။  တန်ဖိုးနည်း စားမြိန်ဟင်းလျာ ၊ အရေခွံ ခွာရတာ စိတ်တော့ ရှည်ရတယ်ဗျာ။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် – ၁၀ ချောင်း
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • သံပုရာသီး
  • တရုတ်နံနံ
  • ငရုတ်သီး
  • ငံပြာရည်
  • ဟင်းချိုမှုန့် အနည်းငယ်
  • ပဲမှုန့်
  • ငြုပ်အရောင်
  • ဆီချက်

ပြုလုပ်နည်း

  1. ကြက်ခြေထောက် ၁၀ ချောင်းကို သေချာ သန့်စင် ဆေးကြောပြီးရင် ရေနွေး ဆူဆူထဲတွင် ၁၀ – ၁၃ မိနစ် ကြာပြုတ်ပါ။ နူးအိနေအောင် ပြုတ်စရာ မလိုပါ။ ပြီးလျှင် မီးပိတ်ပြီး ရေခဲရေဇလုံထဲသို့ ချက်ချင်း ဆယ်ထည့်ပါ။
  2. ကြက်ခြေထောက် အလယ် အသားထူနေရာတွင် ဓားနှင့် အောက်ဖက်သို့ ဓားရာခြစ်ချပေးပြီး အရိုးမှ အရေခွံသားကို ခွာယူပါ။ ခြေချောင်းလေးများမှ အရေခွံသားကိုလည်း စိတ်ရှည်စွာ ခွာယူပါ။ စိတ်မရှည်လို့ ခွာမယူပဲ ထည့်သုပ်လိုက်ရင် ထမင်းနဲ့ စားရင် အလုပ်တွေ ရှုပ်လို့ပါ။
  3. အားလုံးပြီးတဲ့အခါ သုပ်စားရန် ကြက်ခြေတောက် အရေခွံ ထုတ်ထုတ်လေးတွေ ရပါပြီ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပုရာသီး၊ တရုတ်နံနံ၊ ငရုတ်သီး၊ ငံပြာရည် ၊ ဟင်းချိုမှုန့် အနည်းငယ်၊ ပဲမှုန့် ၊ ငြုပ်အရောင်၊ ဆီချက်တို့ကိုထည့်ပါ။
  4. အားလုံး ထည့်ပြီးလျှင် အရသာရှိတဲ့ ကြက်ခြေထောက် အရေခွံသုပ်လေး သုပ်လို့ရပါပြီ။

Credit: My Little K I T C H E N’s D I A R Y