ခေါက်ဆွဲ - Noodle Dishes | စားသောက်ဖွယ်ရာများအကြောင်း - Food Stories

လူစုံတုန်း ကြာဇံချက် ချက်စားကြစို့

October 16, 2016

လူစုံတုန်း ကြာဇံချက် ချက်စားကြစို့

Share this on:

အိမ်မှာ မိသားစုတွေ စုံတုန်း စကားလည်း ပြောရင်း အစားအစာလေး တစ်ခု ချက်စားပြီး ပျော်ပျော်ပါးပါး သီတင်းကျွတ်ကို ဖြတ်သန်းကြရအောင်ပါ။ ဒီ ပိတ်ရက်ကို ရွေးချယ်ထားတာကတော့ ကြာဇံချက်ပါ။ ချက်ရတာ လွယ်ကူပြီး လူတိုင်းကြိုက်နှစ်သက်တဲ့ အစားအစာ ဖြစ်တာမို့ လာကန်တော့တဲ့ အမျိုးတွေကို ပြန်ပြီး ဧည့်ခံရင် ပိုပြီး ပျော်စရာလေးတွေ ရနိုင်ပါမယ်။

ကြာဇံချက်ဟာ သရေစာ အဖြစ် စားသုံးကြတဲ့ အစားအစာ ဖြစ်ပြီး နေ့လည်နေ့ခင်းမှာ စားလေ့ရှိကြပါတယ်။ ကြာဇံချက်ရာမှာ အဓိက လိုတာကတော့ ကြက်သားနဲ့ ကြာဇံပါပဲ။ အခြားပါဝင်ပစ္စည်းတွေကတော့ –

ပဲကြာဇံ
ကြက်သား/ကြက်ရိုး
ကြက်သွန်နီ (အလုံးလိုက်ထည့်ဖို့ အသေး)
ကြက်သွန်ဖြူ
ဂျင်း
ပဲပြား
မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်)
ပန်းခြောက်
ပဲလိပ်
ငရုတ်ကောင်း
ငရုတ်သီး အရောင်တင်
ငံပြာရည်ကောင်းကောင်း
ဆနွင်း
ဆီ/ဆား တို့ ဖြစ်ပါတယ်။

maykoe

မှိုခြောက်ကို မချက်ခင် ရေစိမ်ထားပြီး သဲစင်အောင် ဂရုစိုက်ဖို့ လိုပါတယ် မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ အာရုံနောက်စေမယ့် အရသာ ထွက်လာပါလိမ့်မယ်။ တချို့က ငုံးဥတို့ ကြက်ဥတို့ကိုလည်း ထည့်စားပါတယ်။ ပဲကြာဇံ၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ်တွေကို ရေစိမ်ထာားပါ။ အရင်ဆုံး ကြက်ရိုးကို ပြုတ်ပါ။ ကြက်ရိုးနည်းနည်း နူးရင် ဆယ်ပြီး အသားနွှင်ပါ။ ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ဆီသတ်ပါ။ ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေပါ ထည့်ပြီး မွှေပါ။ အပေါ့အငံအတွက်ပါ ဆားထည့်ထားပါ။ အသားပြုတ်ရည်ကို ဆူအောင် ပြန်တည်ပြီး ကြက်သားဆီသတ်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ငုံးဥတို့ ရောထည့်ပြီး ခဏထားပါ။ အရသာ မြည်းပြီး လိုအပ်ရင် ငံပြာရည်နဲ့ ဟင်းခတ်မှုန့် ထည့်ပါ။ ကဲ ဒါဆို ရပါပြီ။ တစ်ခု သတိထားရမှာက ကြာဇံချက်ဟာ ပူပူပဲ စားလို့ကောင်းပါတယ်။ ဒါကြောင့် စားခါနီးတိုင်း ပြန်နွှေးစားရပါတယ်။ အဲ့ဒီအခါ ကြာဇံတွေက အရမ်းပျော့သွားတာမျိုး မဖြစ်စေချင်ရင်တော့ ကြာဇံတွေကို သပ်သပ်ထားပြီး စားခါနီး နွှေးမှာ ထည့်စားရင် ပိုကောင်းပါတယ်။

စားတဲ့ အခါမှာ သံပုရာသီးလေး ညှစ်ပြီး ငရုတ်သီးလှော် မွှေးမွှေးလေးကို ဖြူး နံနံပင်လေး အုပ် ပါးပါးလှီးထားတဲ့ ကြက်သွန်နီလေး ထည့်လိုက်ရင်ဖြင့် အလွန်မြိန်စေမယ့် ကြာဇံချက်ရဲ့ အရဿာကို တွေ့ပါလိမ့်မယ်။ ငါးဖယ်ကြော် ထည့်စားချင်သူတွေ အတွက်လည်း ငါးဖယ်လေး ညှပ်ပြီး စားလို့ ရပါသေးတယ်။ ကြာဇံချက်နဲ့ တွဲဖက်စားလို့ရမယ့် နောက်အမယ်ကတော့ ရှောက်သီးသုပ်ပါ။ ရှောက်သီးကို ကြက်သွန်နီ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ ငပိထောင်းတို့နဲ့ တွဲဖက်ပြီး သုပ်ပါ။ အကောင်းဆုံး အတွဲအဖက်လေးမို့ သင့်ရဲ့ ဧည့်သည်တွေ စိတ်ကျေနပ်စေမှာပါ။ ပျော်ရွှင်စရာ သီတင်းကျွတ် ပိတ်ရက်လေးကို ပိုင်ဆိုင်ကြပါစေ။

Special Photo Credit: New Myanmar News & May Koe

Review

User Rating

3.2 (13 Votes)