ဒီတစ်ခါမှာတော့ နေမကောင်းသည့်အခါဖြစ်စေ၊ ထမင်းစားမကောင်းလို့ အစာမကြေချင်သလိုဖြစ်လို့ ဆန်ပြုတ်လေးပြုတ်စားချင်တဲ့အချိန်မှာဖြစ်စေ၊ ကြက်သားဆန်ပြုတ်ပူပူလေး စားနိုင်ဖို့အတွက် အခုပဲကြက်သားဆန်ပြုတ် ပြုတ်နည်းလေးကို ဖော်ပြပေးလိုက်ရပါပြီ။ ဘဲသား ကြိုက်လျှင်တော့ ဘဲသားကို အသုံးပြုပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆန် – ၁ ဗူး

ကြက်/ ဘဲ သား – (အနည်းငယ်)

ကြက်သွန်နီ – ၁ လုံး

ကြက်သွန်မြိတ် – အနည်းငယ်

ဂျင်း – (လက်တစ်ဆစ်ခန့်)

နှမ်းဆီ

ဆား

တရုတ်နံနံ

ပြုလုပ်နည်း

၁။ ပထမဦးစွာ ကြက်ရင်ပုံသားအား ရေစင်အောင်ဆေးပြီး ရေထည့်ကာ အသင့်ပြုတ်ထားပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ဆီဖြင့်အကြွပ်ကြော်ကာ ဆီစစ်ထားပါ။

၂။ ဆန်နို့ဆီဗူးတစ်ဗူးကို ရေစင်အောင် ဆေးပြီး ရေနို့ဆီဗူး ၃ ဗူးထည့်ပြီး ပြုတ်ပါ။ ရေဆူလာလျှင် ဂျင်းလက်တစ်ဆစ်ခန့်အား ဓားပြားရိုက် ထည့်ပြီး မွှေပေးပါ။

၃။ ဆန် ကျက်လာလျှင် ဂျင်းအား ပြန်ဆယ် ထုတ်ပစ်လိုက်ပါ။ ထို့နောက် အသင့် ပြုတ်ထားသည့် ကြက်သားအား အသားနွှင်ပြီးထည့်ပါ။ (ကြက်ကင်ရှိလျှင် ကြက်ကင်အား အသားနွှင်ပြီး ထည့်နိုင်သည်။)

၄။ ဆားအနည်းငယ်ထည့်ပါ။ နှမ်းဆီအနည်းငယ်မျှစမ်းပါ။ ပဲငံပြာရည်အကြည် (Light Soy-Sauce) အနည်းငယ်ထည့်ပါ။ အသင့် ကြော်ထားသည့် ကြက်သွန်ကြော် အနည်းငယ်ထည့်ကာ မွှေပေးပါ။ ထို့နောက် ကြက်သွန်မြိတ် အနည်းငယ်နှင့် တရုတ်နံနံအနည်းငယ် ပါးပါးလှီးထည့်ကာ အသင့် သောက်သုံးနိုင်ပါသည်။

၅။ Porridge (ဆန်ပြုတ်)ကို နေကောင်းလို့ပဲ သောက်သောက်၊ နေမကောင်းလို့ပဲ သောက်သောက် အလွန်အရသာရှိပြီး အနံ့,အရသာဖြင့် ပြည့်ဝလှသည့် ဆန်ပြုတ်ဖြစ်ပါသည်။

Credit: Z.T.T