ကျောက်ဖြူသူ တစ်ယောက် ရန်ကုန်အလည်ပြန်နေတာမို့ ချက်စားဖြစ်တာလည်းတွေ မတင်တာကြာပါပြီ။ သင်္ဘောညွန့်လို့ မြင်လိုက်တာနဲ့ သင်္ဘောသီးပင်က အညွန့်လို့ ပြေးမမြင်လိုက်ကြပါနဲ့နော်။

ကျမတို့ ရခိုင်ဖက်မှာ သင်္ဘောသီးကို ပကာသီး ဟု ခေါ်ဝေါ်သုံးစွဲပြီး ယခုချက်နည်းလေး ရေးမည့် ကတက်ညွန့် (ကတက်ညွန့် မမှန်ဘူးဆိုရင်လည်း သိသူများ အမှန်ပြင်ရေးစေလိုပါသည်) ကိုတော့ သင်္ဘောညွန့် ခေါ်ပါတယ်ရှင်။

နေရာဒေသအလိုက် အခေါ်အဝေါ်လွဲတဲ့ သဘောပါပဲ ကျမတို့ ရခိုင်ဖက်မှာ အခုအချိန်ဆိုရင် ဈေးမှာ ပေါပေါများများ ဝယ်လို့ရနိူင်ပေမယ့် ရန်ကုန်မှာဆိုရင် ဝယ်ရခက်ပါတယ်။ ကြုံတုန်းလေး ဈေးမှာတွေ့လို့ ဝယ်လာပြီး ရခိုင်ချက် ချက်စားလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောညွန့်
  • ငရုပ်သီးစိမ်း
  • ပုဇွန်ခြောက်မှုန့်
  • ငါးပိ
  • ဆား
  • ဆီ

ချက်ပြုတ်နည်း

  1. ကတက်ညွန့်ရဲ့  ရင့်လို့ စားလို့မရတဲ့ အပိုင်းကို ဖယ်လိုက်ပါ။ ရေဆေးပြီး အိုးထဲတွင် ထည့်ထားပါ။ ကိုယ်စားနိုင်မဲ့အစပ် ပမာဏလောက် ငရုပ်သီးစိမ်းတောင့်များကို နှစ်ခြမ်းခွဲ ထည့်ပါ။
  2. ငါးပိထည့်ပါ။ ပုဇွန်ခြောက်မှုန့် အနည်းငယ်၊ ဆီ အနည်းငယ်(အညွန့်လေးများ နူးအိသွားစေရန် ထည့်ပါသည်)၊ ဆား လိုသလောက်ထည့်ပါ။ ရေကို အညွန့်များ ဖုံးအုပ်အောင် ထည့်ပြီး ချက်ထားပေးပါ။
  3. ဆူပွက်ပြီး အရည်အနည်းငယ် ကျန်ရုံထိ ချက်ပေးပါ။ ဆူနေချိန်တွင် အဖုံးဖွင့်ပြီး အပေါ့အငံ မြည်းနိူင်ပါသည်။ တချို့ လည်း မရမ်းသီးစိမ်း၊ မကျဉ်းရွက်နုလေးများဖြင့် ချဉ်စပ်အရသာ ချက်စားတတ်ကြပါသည်။
  4. ကျမမှာတော့ ဘာမှ မရှိတာမို့ အခုလိုလေးပဲ ချက်စားလိုက်ပါတယ်ရှင်။ ကတက်ညွန့် ချဉ်စပ်၊ ပဒတ်စာ ချဉ်ရည်ဟင်း၊ ငါးအိုးကပ်ချက်၊ ရခိုင်ငရုပ်သီးထောင်း ၊ တို့စရာ တို့ဖြင့် တွဲဖက်ချက်စားရင် အရမ်းကို ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်တာမို့ စိတ်ဝင်စားသူများ ချက်စားကြည့်ကြပါလို့။ ပျော်ရွှင်ကြပါစေ။

Credit: KyaukPhyuThu